မြန်မာနိုင်ငံကို သံအမတ် စေလွှတ်ဖို့ အမေရိကန် စတင်လုပ်ဆောင်

  • 14 ဇန်နဝါရီ 2012
Image caption မြန်မာနိုင်ငံမှာ USက သံအမတ် ထားတော့မယ်လို့ ကလင်တန်ပြောပြီ

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေကို အစိုးရက ပြန်လွှတ် ပေးခဲ့တာဟာ ဒီမိုကရေစီ ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေကို ဦးတည်တဲ့ အဓိက ခြေလှမ်းတရပ် ဖြစ် တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပြီး နှစ်နိုင်ငံ သံအမတ် အဆင့် သံတမန် ဆက်ဆံရေး တိုးမြှင့် တော့မယ်လို့ ထုတ်ဖော် ပြောလိုက်ပါတယ်။

မနေ့က အကျဉ်းသား ခြောက်ရာကျော် ပြန်လွှတ်ပေးတာဟာ အမျိုးသား ရင်ကြားစေ့ရေး အတွက် အရေးပါတဲ့ ခြေလှမ်း တရပ်ဘဲလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း သမ္မတ အိုဘားမားရဲ့ ညွှန်ကြားချက် အရ ကွန်ဂရက် လွှတ်တော်ဆီ ကနေ အကြံဉာဏ် ရယူပြီး မြန်မာနိုင်ငံနဲ့ သံအမတ် အဆင့် အပြန်အလှန် ဆက်ဆံရေး ထားရှိဖို့ စတင် ဆောင်ရွက်တော့ မှာပါလို့ မစ္စစ်ကလင်တန်က ပြောပါတယ်။

ဒါပေမယ့် သံအမတ် အဖြစ် ခန့်အပ်မယ့် သူကိုတော့ ရွေးချယ်ရဦးမှာ ဖြစ်ပြီး အမေရိကန် သံအမတ် အနေနဲ့ မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲမှုတွေကို ပိုပြီး ခိုင်မာလာစေဖို့ ကူညီ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့လည်း သူကပြောခဲ့ပါတယ်။

မြန်မာ အစိုးရ အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရား မျှတအောင် ကျင်းပပေးဖို့နဲ့ တိုင်းရင်းသား နယ်မြေတွေက ပဋိပက္ခတွေ အဆုံးသတ် စေဖို့ အပါအဝင် ဆက်လက် လုပ်ဆောင် စရာတွေ အများကြီး ရှိသေးတယ်လို့လည်း မစ္စက် ကလင်တန်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်စု

မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အများအပြားကို အစိုးရက ပြန်လွှတ် ပေးလိုက်တာနဲ့ ပတ်သက်လို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ်က ဒါဟာ မြန်မာအစိုးရ အနေနဲ့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ချင်တဲ့ ဆန္ဒရှိတယ်ဆိုတာကို နောက်ထပ် ပြသလိုက်တာ ဖြစ်တယ်လို့ ပြောဆို လိုက်ပါတယ်။

ဒီကနေ တဆင့် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ပိုပြီး ဒီမိုကရေစီ နည်းလမ်း ကျကျ ပါဝင် လုပ်ဆောင်နိုင်ကြမယ့် အခြေအနေမျိုးတွေ ဖြစ်လာဖို့ မျှော်လင့်ကြောင်းလည်း သူက ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန် ကလည်း ဒီ လွတ်ငြိမ်း ချမ်းသာခွင့်ကို ကြိုဆိုကြပါ တယ်။

ပြင်သစ် နိုင်ငံလည်း မြန်မာအစိုးရရဲ့ ဆောင်ရွက်မှုတွေကို ချီးကျူး လိုက်ပြီး တချိန်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်ရဲ့အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ The Legion of Honor Award ကို ချီးမြှင့် လိုက်ပါတယ်။

ပြင်သစ် သမ္မတ နစ်ကလပ်စ် ဆာကိုဇီ ကလည်းဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်း ကနေ တဆင့် စကားပြောခဲ့ပါတယ်။

မြန်မာအစိုးရက အကျဉ်းသားတွေ လွှတ်ပေးတာကို Amnesty Internatinoal နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ကလည်း တိုးတက်မှု ခြေလှမ်းအဖြစ် ကြို ဆိုလိုက်ပြီး ပြုပြင် ပြောင်းလဲရေးတွေကို ဆုံးခန်း တိုင်အောင်လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

တခါ CPJ နယ်စည်း မခြား သတင်းသမားများ အဖွဲ့ ကလည်း အခု ပြန်လွှတ် ပေးလိုက်တဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ သတင်းသမား ကိုးဦး ပါဝင်တာကို ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။