လွတ်ငြိမ်းချမ်းသာခွင့် မပြည့်စုံသေးလို့ မင်းကိုနိုင်ပြော

  • 14 ဇန်နဝါရီ 2012
Min Ko Naing ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံရေး အရ ဖမ်းပြီး နိုင်ငံရေး အရလွှတ်တာ လို့ မင်းကိုနိုင်က ဆို

သရက်ထောင်ကနေ လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် က ထောင်ထဲမှာ ဘဝတူ နိုင်ငံရေး အကျဉ်းသား တွေ၊ ရဟန်း သံဃာတွေ ကျန်နေ ခဲ့တဲ့အတွက် မပျော် နိုင်ကြောင်းနဲ့ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ဟာလည်း မပြည့်စုံ သေးကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ထောင်ကထွက် လာတဲ့ သူတို့ကို ပြည်သူ တွေက လမ်းမှာ ထောက်ခံ ကြိုဆို ခဲ့ကြတဲ့ အတွက် ရှေ့ဆက်လုပ်ဖို့ ခွန်အားတွေ ဖြစ်စေတယ် လို့သူက ပြောပါတယ်။

ကိုမင်းကိုနိုင်ဟာ သရက်မြို့ကနေ ဧရာဝတီ မြစ်ကို ကူးပြီး အောင်လံက တဆင့် ရန်ကုန်ကို ကားလမ်းကနေ ပြန်လာ နေတာပါ။

မြန်မာပြည်သူ ပြည်သားတွေ ပိုပြီးပျော်ရွှင် နိုင်အောင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ လိုအပ်တယ်လို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။

သူတို့ အတိတ်က တွေ့ခဲ့တဲ့ သင်ခန်းစာတွေကြောင့် သံသယ တွေရှိနေဆဲ ဖြစ်ပေမယ့် အမျိုးသား သင့်မြတ်ရေး အတွက် ပါးစပ်တွေကို ပိတ်ထား မယ်လို့ လည်း ပြောသွားခဲ့ ပါတယ်။