အမေရိကန်ကိုယ်စားလှယ် ပြည်ပအတိုက်အခံတွေနဲ့ တွေ့ဆုံ

  • 14 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ပြည်ပရောက်အတိုက်အခံတွေရဲ့ သဘောထား ကို မေးမြန်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲယ် ဟာ ပြည်ပရောက် အတိုက်အခံအဖွဲ့တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သောကြာနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အခုလို တွေ့ဆုံရာမှာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)၊ လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီ (DPNS) နဲ့ မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) စတဲ့ အဖွဲ့တွေ က ကိုယ်စားလှယ်တွေ၊ KNU၊ KIO စတဲ့ လက်နက် ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ အပြင် လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေလည်း ပါဝင်ကြ ပါတယ်။

မြန်မာနိုင်ငံအပေါ် လက်ရှိ အမေရိကန်ရဲ့ မူဝါဒ ချမှတ်မှုတွေနဲ့ ပတ်သက်ပြီး ပြည်ပရောက် အတိုက်အခံတွေရဲ့ သဘောထားကို လာရောက် မေးမြန်းခဲ့တာ ဖြစ်ကြောင်း ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ DPNS ဥက္ကဌ ဦးအောင်မိုးဇော်က ဘီဘီစီကို ပြောပါတယ်။

အတိုက်အခံတွေဘက်ကတော့ မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု တခုချင်းစီကို ကြည့်ပြီး အမေရိကန်အနေနဲ့ တဆင့်ချင်း တိုးလုပ်ဆောင်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကလည်း တိုင်းရင်သားဒေသတွေမှာ ငြိမ်းချမ်းရေး ရအောင် ဆောင်ရွက်နိုင်ဖို့အရေး မစ္စတာ မစ်ချဲလ်ကို အကြံပြု ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်က ဒေါ်တင်တင်ညိုက ပြောပါတယ်။