ကိုးရီးယား သင်္ဘောနစ်မှု အတွင်း မြန်မာတွေ သေဆုံး

  • 15 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ရေနံ အတင်အချလုပ်နေတုံး သင်္ဘော ပေါက်ကွဲ နစ်မြုပ်ခဲ့

တနင်္ဂနွေနေ့ မနက်က တောင်ကိုးရီးယား နိုင်ငံ အနောက်ဖက် ကမ်းရိုးတန်းနားမှာ ကိုးရီးယား ရေနံတင် သင်္ဘောတစင်း ပေါက်ကွဲ နစ်မြုပ်ခဲ့ရာမှာ မြန်မာ သင်္ဘော သားတွေ သေဆုံးခဲ့ပါတယ်။

ပေါက်ကွဲ နစ်မြုပ်ခဲ့တဲ့ သင်္ဘော အမည်က Doora No 3 သင်္ဘော ဖြစ်ပြီး သင်္ဘောပေါ်မှာ မြန်မာ သင်္ဘောသား ၅ဦးနဲ့ တောင်ကိုးရီးယား သင်္ဘောသား ၁၁ဦး၊ စုစုပေါင်း ၁၆ဦး ပါပါတယ်။

တောင်ကိုးရီးယားနိုင်ငံ အင်ချွန်းမြို့ ဆိပ်ကမ်းမှာ ဆီအတင်အချ လုပ်နေတုန်း အခုလို ပေါက်ကွဲခဲ့တာ လို့ သိရပါတယ်။

လောလောဆယ် အလောင်း ၅လောင်း ရှာတွေ့ခဲ့ရာမှာ မြန်မာ သင်္ဘောသား ၂ဦး ပါပြီး သက်နိုင်ဝင်းနဲ့ မျိုးမင်းဇော်တို့ ဖြစ်တယ်လို့ Fedration of Korean Seafarers Unions ကိုးရီးယား သင်္ဘောသား သမဂ္ဂများ ဖက်ဒရေးရှင်းရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဟေဂျွန် ကင်မ်က ဘီဘီစီကို ပြောပါတယ်။

ပျောက်ဆုံးနေသူ ၅ဦးထဲမှာလည်း မြန်မာ သင်္ဘောသား ၃ဦး ပါတယ်လို့ သိရပြီး ဆန်းထွန်းလင်း၊ ကျော်မျိုးအောင်နဲ့ အောင်ကျော်စန်းတို့ ဖြစ်တယ်လို့ ပြောပါတယ်။

သင်္ဘော ကက်ပတိန်နဲ့ အင်ဂျင်နီယာချုပ်တို့ကတော့ အသက်ရှင် လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

သင်္ဘော ဘာ့ကြောင့် အခုလို ပေါက်ကွဲခဲ့တာလဲဆိုတာကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပြီး ပျောက်ဆုံးသူတွေကို ခုချိန်ထိ ရှာဖွေနေကြဆဲပဲလို့ ကိုးရီးယား သင်္ဘောသား သမဂ္ဂများ ဖက်ဒရေးရှင်းရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဟေဂျွန် ကင်မ် က ဘီဘီစီကို ပြောပါတယ်။