ဗကသ စည်းရုံးရေး ကော်မတီ ပြန်လည် ဖွဲ့စည်း

  • 19 ဇန်နဝါရီ 2012
Image caption ဗကသ ဗဟို စည်းရုံးရေး ကော်မတီ ဥက္ကဌ ကိုကျော်ကိုကို

ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ပြန်လည် ဖွဲ့စည်းရေး အတွက် ဗကသများ အဖွဲ့ချုပ် တရားဝင် ရပ်တည်ရေး ဗဟို စည်းရုံးရေး ကော်မတီကို ပြန်လည် ဖွဲ့စည်း ခဲ့ပါတယ်။

ထောင်က ပြန်လွတ်လာတဲ့ ၂ဝဝရ ခုနှစ် ဗကသ ခေါင်းဆောင်တွေ ၊ ထောင်အပြင်မှာ ကျန်ခဲ့တဲ့ ခေါင်းဆောင်တွေ ၊ နောက်ထပ် ကျောင်းသား အသစ်တွေ စုစုပေါင်း အယောက် ၄ဝ လောက် မနေ့တုန်းက တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ၁၂ ဦး ပါဝင်တဲ့ ဗဟို စည်းရုံးရေး ကော်မတီကို ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ရဲ့ ဥက္ကဌ နေရာမှာ ကျော်ကိုကို ဒုတိယ ဥက္ကဌ တစ် နေရာမှာ ကိုလင်းကျော့နိုင် ဒုတိယ ဥက္ကဌ နှစ် နေရာမှာ ကိုဒီငြိမ်းလင်းက ဆောင်ရွက်ပြီး အထွေထွေ အတွင်းရေးမှူး နေရာမှာ မဖြိုးဖြိုးအောင် ၊ တွဲဖက် အတွင်းရေးမှူး တစ် နေရာမှာ ကိုအောင်အောင်ကျော်နဲ့ တွဲဖက် အတွင်းရေးမှူး နှစ် နေရာမှာ ကိုမင်းသွေးသစ် တို့က ဆောင်ရွက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

လက်တလော တာဝန်ကတော့ လက်ရှိ အကျဉ်းကျနေတဲ့ ကိုအေးအောင် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး အတွက် ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေ ဆီက ခွင့်ပြုချက် မတောင်းဘဲ လုပ်ဆောင် သွားမှာ ဖြစ်ပြီး ကျောင်းသား ရှိရင် ကျောင်းသား သမဂ္ဂ တရားဝင် ရပ်တည် နိုင်ရမှာ ဖြစ်တယ် ၊ ကျောင်းသား သမဂ္ဂ ဖွဲ့စည်းရေးကို နှောက်ယှက် ဖျက်စီးတာတွေ ၊ အစိုးရ ခြိမ်းခြောက်မှုကို ကြောက်ရွံ့သွားမှာ မဟုတ်ဘူလို့ ဗကသ ဗဟို စည်းရုံးရေး ကော်မတီ ဥက္ကဌ ကျော်ကိုကိုက ပြောပါတယ်။

ဒါ့အပြင် သူတို့ရဲ့ အဓိက မူဝါဒကတော့ ကျောင်းသားထု အခွင့်အရေး ကာကွယ်ဖို့ ဖြစ်ပါတယ်လို့ ကိုကျော်ကိုကိုက ဆိုပါတယ်။