မြန်မာမှာ ရင်းနှီး ဖို့ စောင့်ကြည့် နေကြ

  • 17 ဇန်နဝါရီ 2012

မြန်မာ နိုင်ငံမှာ ဖြစ်ပေါ် တိုးတက် နေတဲ့ နိုင်ငံရေး အခင်း အကျင်း အရ မကြာခင်မှာ ဒဏ်ခတ် ပိတ်ဆို့ ထားမှု တွေကို လျှော့ပေါ့ ပေးလိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက်တွေ ရှိ နေကြချိန်မှာပဲ လာရောက် ရင်းနှီး မြှပ်နှံမှု တွေ ပြုလုပ်ဖို့ ပြည်ပ နိုင်ငံ တွေက စိတ်ဝင်စား နေကြတာ တွေ့ရ ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တရုတ် နိုင်ငံမှာ လုပ်အားခ တွေ စျေးတက် လာလို့ စျေးပေါတဲ့ နေရာ တွေကို ရှာနေကြ

အရှေ့တောင် အာရှ ဒေသ နိုင်ငံတွေ ဘက်က မြန်မာ နိုင်ငံကို လာရောက် ရင်းနှီး မြှုပ်နှံဖို့ အသင့် ဖြစ်နေပေမဲ့ အနောက် နိုင်ငံတွေ ကတော့ စောင့်ကြည့် နေကြတုန်းပဲလို့ ဟောင်ကောင်မှာ အခြေ စိုက်ပြီး စီးပွားရေး ကုမ္ပဏီ များကို ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ အကြံပေး နေသူ ဦးသူရကို က ပြောပါတယ်။

ပိတ်ဆို့ အရေး ယူမှုတွေ မတိုင်ခင်က မြန်မာ နိုင်ငံမှာ အောင်မြင်တဲ့ ကုန်ထုတ် လုပ်ငန်း အခြေခံတွေ ရှိခဲ့ပြီး ဖြစ်လို့ အဲဒီ ကဏ္ဍမှာ ပြည်ပက လာရောက် ရင်းနှီး မြှုပ်နှံဖို့ စိတ်ဝင်စား နေကြတယ်လို့ ဦးသူရကိုက ပြောပါတယ်။

တရုတ်နဲ့ ဗီယက်နမ် တို့လို နိုင်ငံတွေမှာ လုပ်ခ တွေစျေးတက်လာတဲ့ အတွက် လူသား ရင်းမြစ် ပေါများတဲ့ မြန်မာ နိုင်ငံ ဘက်ကို လာရောက် လုပ်ငန်း လုပ်ကိုင် ကြဖို့ မျှော်လင့် နေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပိတ်ဆို့ အရေးယူ ထားမှုတွေကို လျှော့ပေါ့ ပေးလိုက် ရင်တောင် အနောက် နိုင်ငံတွေ ဘက်က ချက်ချင်း လက်ငင်း ရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာဖို့ ကတော့ သိပ်မလွယ်ဘူးလို့ ဦးသူရက သုံးသပ် ပါတယ်။

ပြည်ပ ရင်းနှီး မြှုပ်နှံ လိုသူတွေမှာ စိုးရိမ် နေကြတဲ့ အချက်တွေ ရှိနေပြီး ပြည်ပ ရင်းနှီးမှုတွေ လာရောက် စေချင်ရင် မြန်မာ နိုင်ငံ ဘက်ကလည်း လုပ်ဆောင်ရမယ့် အချက်တွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။

မြန်မာ နိုင်ငံရဲ့ ဘဏ္ဍာရေး စနစ် ခိုင်မာလာပြီး တရားဥပဒေ စိုးမိုးမှု ရှိရေး၊ ဘဏ်တွေအပေါ် လူတွေ ယုံကြည်မှု ရှိလာအောင် ပြုလုပ်ရေး၊ တရားဥပဒေ စိုးမိုးမှု ရှိရေး၊ အခွန် စနစ် တိကျမှု ရှိရေးနဲ့ သွင်းကုန် ထုတ်ကုန် ဆိုင်ရာ စည်းကမ်းတွေ သေသေ ချာချာ ချမှတ်ရေးတို့ လုပ်ဆောင် ရလိမ့်မယ်လို့ ဦးသူရကိုက ပြောပါတယ်။