ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ အမေရိကန် ဆီးနိတ်တာ ပြော

  • 16 ဇန်နဝါရီ 2012

မြန်မာ နိုင်ငံ အပေါ် ဒဏ်ခတ် ပိတ်ဆို့ဖို့ အစဉ် တစိုက် ထောက်ခံခဲ့တဲ့ အမေရိကန် အထက် လွှတ်တော် အမတ် Mitch McConnell မစ်ချ် မက်ကောနဲက မြန်မာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှု တွေကို သဘောကျ တယ်လို့ ပြောပေမဲ့ နောက်ထပ် လုပ်စရာတွေ အများကြီး ကျန်နေ သေးတယ် လို့လည်း ပြော ပါတယ်။

ဓာတ်ပုံ မူပိုင် ap
Image caption ဒဧ်ခတ် ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ဆွေးနွေး ခဲ့ကြ

အမေရိကန် ဆီးနိတ် လွှတ်တော် အမတ် မစ်ချ် မက်ကောနဲက ဒေါ်အောင်ဆန်း စုကြည်နဲ့ တစ်နာရီကြာ တွေ့ဆုံ အပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာ နိုင်ငံ အတွင်း စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ စတင် ဖြစ် နေပြီး မြန်မာ နိုင်ငံဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ လို့ သူယုံကြည် ကြောင်း ပြောသွား ပါတယ်။

ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ ပြီးတဲ့အခါ မြန်မာ နိုင်ငံကို အမျိုးမျိုးသော ဒဏ်ခတ် ပိတ်ဆို့ မှုတွေ ဆက်ထား မထား အမေရိကန် အစိုးရက ထပ်ပြီး စဉ်းစားကောင်း စဉ်းစား လာနိုင်တယ်လို့ လည်း သူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ အစိုးရ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်ဆံရေး ပိုကောင်း လာအောင် လုပ်ဖို့ လိုနေ သေးတယ်လို့ မစ္စတာ မက်ကောနဲ က ပြော ပါတယ်။

KNU ကရင် အမျိုးသား အစည်း အရုံးနဲ့ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူချက် လက်မှတ် ရေးထိုး ခဲ့တာဟာ လမ်းကြောင်းမှန်ကို ရှေးရှုတဲ့ အရေးပါတဲ့ ခြေလှမ်း တရပ်လို့ သူက ဆိုပြီး ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း အလားတူ အပစ် အခတ် ရပ်စဲမှုတွေ လုပ်ဖို့ လို တယ်လို့ ပြောပါတယ်။

ကုန်သည် ကြီးများ ကလည်း ပိတ်ဆို့မှုကို ဆန့်ကျင်

မြန်မာ နိုင်ငံ ကုန်သည် စက်မှု အသင်းချုပ်က တွဲဘက် အထွေထွေ အတွင်း ရေးမှူး ဦးမြင့်စိုး ကတော့ မြန်မာ နိုင်ငံ အပေါ် အနောက် နိုင်ငံ တွေက ချမှတ်ထားတဲ့ ငွေကြေး ဆိုင်ရာ ပိတ်ဆို့မှု၊ ကုန်ပစ္စည်း တင်သွင်းမှုကို ပိတ်ဆို့မှုနဲ့ ရင်းနှီး မြှုပ်နှံမှုကို တားဆီး ပိတ်ပင်တာ စတဲ့ အရေးယူမှုတွေ အနက် ငွေကြေး လွှဲပြောင်းမှုကို ပိတ်ဆို့ခြင်းက အဓိက ထိခိုက်ဆုံး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ သူတို့ အနေနဲ့က ဘယ်လို ပိတ်ဆို့မှုမျိုးကိုမှ မလိုလားဘဲ အားလုံးကို ရုပ်သိမ်း နိုင်အောင် နှစ်ဘက် ညှိနှိုင်းပြီး ဖြေရှင်း သွားနိုင်လိမ့်မယ်လို့ သူ ယုံကြည် ကြောင်းလည်း ဦးမြင့်စိုးက ပြောပါတယ်။