ကျောက်မျက် ပြပွဲကြောင့် အိုးအိမ်မဲ့ ဖြစ်မှာ စိုးရိမ်

  • 16 ဇန်နဝါရီ 2012
Naypyidaw
Image caption ကျောက်မျက်ရတနာ စီမံကိန်းကြောင့် အိုးအိမ်မဲ့ ဖြစ်မလား

နေပြည်တော်ခရိုင် ဒက္ခိဏသီရိမြို့အနီးက မီးသွေးဖိုကုန်းကျေးရွာကို ကျောက်မျက်ရတနာပြပွဲ စီမံကိန်း ဆောက်လုပ်ဖို့ အတွက် ရွာသားတွေကို ရွှေ့ပြောင်းခိုင်းနေပါတယ်။

အခုအခါ ရွှေ့ပြောင်းဖို့ ငြင်းဆန်နေတဲ့ မိသားစု ၁၀၀ နီးပါးကို အာဏာပိုင်တွေက တရားစွဲဖို့ စီစဉ်နေပါတယ်။

အိမ်ခြေ ၁၄၃ အိမ်ရှိတဲ့ လယ်ဝေး မြို့နယ် ရှမ်းစုကျေးရွာအုပ်စု မီးသွေးဖိုကုန်းကျေးရွာက ဒေသခံတွေကို နေပြည်တော်ကျောက်မျက်ရတနာပြပွဲစီမံကိန်းဧရိယာနဲ့မလွတ်လို့ဆိုပြီး အာဏာပိုင်တွေက ဖိအားနဲ့ဖယ်ရှားခိုင်းနေတာပါ။

အခုဖယ်ရှားခိုင်းတဲ့ပုံစံက လတ်တလောကာလ ၅နှစ်မတိုင်ခင် မီးသွေးဖိုကုန်းကျေးရွာမှာ အရင်ဘိုးဘွားလက်ထက်ကတည်းကနေခဲ့တဲ့မိသားစု ၄၉ ဦးကို မြေနေရာအစားပေးရွေ့ခိုင်းပြီး ခုလတ်တလော ၅ နှစ်အတွင်း လာအခြေချနေထိုင်တဲ့ဒေသခံတွေကိုတော့ အိမ်တအိမ် လျော်ကြေး ၂သိန်းပဲ ပေးပြီး ရွေ့ခိုင်းတယ်လို့ သိရပါတယ်။

၂သိန်းရပြီး မြေအစားမရတဲ့ ၉၄အိမ်ထောင်က မရွေ့ဘဲနေတာကြောင့် အစကပေးမယ်ဆိုတဲ့ ၂သိန်းလည်းမပေးတော့ဘဲ လာမယ့် ဇန်နဝါရီ ၁၇ ရက်နေ့မှာ တရားစွဲဆိုသွားမယ်ဆိုတဲ့ အကြောင်းကြားစာကို သက်ဆိုင်ရာကပို့ထားတယ်လို့ သိရပါတယ်။

ကျေးရွာ ရယက ကနေပြီးတော့ သူတို့ နေထိုင်ခွင့် ပုံစံ ၁၀ တွေ လုပ်ပေးထားပြီးတော့ အခု စီမံကိန်း ကျလာတဲ့ အချိန်မှာ ပုံစံ ၁၀ အိမ်ထောင်စု ဇယားကို ပြန်သိမ်းသွားတယ်လို့ ရွာသားတယောက်ဖြစ်တဲ့ ကိုနိုင်လင်းက ပြောပါတယ်။

ပြန်သိမ်းပြီးတော့ သူတို့ကို ရွာကနေပြီးတော့ ဖယ်ရှားပေးဖို့ မဖယ်ရှားပေးရင် ဥပဒေအရ အရေးယူမယ်ဆိုပြီးတော့ ခြိမ်းခြောက် ကြောင်းလည်း ပြောပါတယ်။

မီးသွေးဖိုကုန်းရွာမှာ လာနေတဲ့လူအများစုက နေပြည်တော်ပတ်၀န်းကျင် ရှမ်းစု ကြို့ပင် သာယာကုန်း စတဲ့ရွာတွေမှာ လယ်သိမ်းခံရလို့ လုပ်ကိုင်စားစရာမရှိတော့လို့ နေပြည်တော်မှာ အလုပ်လာလုပ်သူတွေအများစုဖြစ်တဲ့ အတွက် နေရေးစားရေးခက်ခဲသွားနိုင်တယ်လို့ လည်း ဆိုပါတယ်။

သူတို့ကို လျော်ကြေးပေးမယ်ဆိုတဲ့ ၂ သိန်းကလည်း ရွှေ့ပြောင်းစရိတ်လောက်သာရှိတဲ့ အတွက် သူတို့အနေနဲ့ ငွေမလိုချင်၊ နေရာ အစားကိုသာ ရချင်တယ်လို့လည်း ဆိုပါတယ်။

ရွာသားတွေ ဘဝမပျက်ရအောင် သမ္မတက စဉ်းစားပေးဖို့ စာတင်ထားတယ်လို့လည်း ဆိုပါတယ်။