ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲနဲ့ SSA တောင်ပိုင်း လက်မှတ်ထိုး

  • 16 ဇန်နဝါရီ 2012
အစိုးရနဲ့ SSA နို၀င်ဘာ တုန်းက လက်မှတ်ထိုးစဉ် ဓာတ်ပုံ မူပိုင် taifreedom
Image caption အစိုးရနဲ့ SSA နို၀င်ဘာတုန်းက လက်မှတ်ထိုးစဉ်

:ရှမ်းပြည်နယ် တောင်ကြီးမြို့ကို ရောက်ရှိနေတဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တချို့တို့ ဒီကနေ့ တောင်ကြီးမြို့ အစိုးရရုံးမှာ ပြည်တောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး အချက် ၁၁ ချက်ပါ သဘောတူညီမှုကို မူအားဖြင့် သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။

ဗိုလ်မှူးချူပ် ဘောင်ခေး ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးပါ SSA အဖွဲ့ဟာ ဒီကနေ့မနက် ၉ နာရီကနေ နေ့လည် ၁ နာရီအထိ ရှမ်းပြည်နယ် အစိုးရရုံးမှာ ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ၁၃ ဦးပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မူအားဖြင့် သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။

အဲဒီ ၁၁ ချက်ကို အကျဉ်းချုပ် ပြောပြရမယ်ဆိုရင်တော့ ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေ၊ နယ်မြေသတ်မှတ်တာတွေ၊ SSA ဗဟိုဌာနချုပ်ကို အရင် MTA ခွန်ဆာအဖွဲ့နေခဲ့တဲ့ ဟိုမိန်းမြို့ခွဲနဲ့ မိုင်းထားမြို့နယ်ခွဲမှာ သတ်မှတ်ထားဖို့၊ ပြီးတော့ မြို့နယ်ခွဲ အုပ်ချူပ်ရေးမှာ နိုင်ငံ့ဝန်ထမ်းများနဲ့ ပူးတွဲ တာဝန်ယူ ဆောင်ရွက်သွားမယ် ကျေးရွာတွေမှာတော့ SSA ကရွေးချယ်တဲ့လူတွေ အုပ်ချူပ်သွားမယ်၊ နောက်ပြီးတော့ မူးယစ်ဆေးဝါး အတူတကွ လက်တွဲတိုက်ဖျက်ဖို့စတဲ့အချက်တွေဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေ ဘယ်တော့စတင်မလဲဆိုတာနဲ့ပက်သက်ပြီးတော့ အဲဒီအစည်းအဝေးမှာ တက်ရောက်ခဲ့သူလဲဖြစ် SSA ပြောရေးဆိုခွင့်ရှိသူလဲဖြစ်တဲ့ ဗိုလ်မှူးစိုင်းလောဝ်ဆိုင်က အခုသဘောတူထားတဲ့အချက်တွေကို လက်တွေ့လုပ်ကိုင်ကြည့်ပြီး အဆင်မပြေဘူးဆိုရင် ဒုတိယအကြိမ် ပြည်တောင်စု အဆင့် ဆွေးနွေးပွဲမှာ ဆက်လက် တင်ပြဆွေးနွေးမယ်လို့ ပြောပါတယ်။

နောက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလဲ ဒီလိုတဆင့်ချင်း တဆင့်နဲ့သွားပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ စိုင်းလောဝ်ဆိုင်ကပြောတယ်။