ပြောင်းလဲမှုတွေ စစ်မှန်တယ်လို့ McConnell ပြော

  • 17 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption နောက်ထပ် ပြုပြင် ပြောင်းလဲမှုတွေကို စောင့်ကြည့်အုံးမယ်လို့ McConnell ပြော

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell က မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့ တဲ့ ပြောင်းလဲမှုတွေဟာ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်တယ်လို့ ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့ မနက်က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးအပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ မက်ကောနယ်လ် က အခုလို ထုတ်ဖေါ် ပြောခဲ့ တာ ဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊တိုင်းရင်းသား ခေါင်းဆောင်တွေ အပါအဝင် နာမည်ကျော် နိုင်ငံရေး အကျဉ်းသား အများအပြားကို မြန်မာအစိုးရက ပြီးခဲ့တဲ့ သောကြာ နေ့က ပြန်လွှတ်ပေးလိုက်တာနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရအနေနဲ့ အပြုသဘော တုန့်ပြန်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မစ္စတာ မက်ကောနယ်လ်ဟာ မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရက စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုမှာ တက်တက်ကြွကြွ ထောက်ခံ အားပေးခဲ့သူ တဦး ဖြစ်ပါတယ်။

စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု ပြန်ရုတ်သိမ်းဖို့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာဘက်က လုပ်တဲ့ တခြား ပြုပြင် ပြောင်းလဲမှုတွေကို ကြည့်ပြီးမှ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြန်ရုတ်သိမ်းရေးကို သူ့အနေနဲ့ ထောက်ခံ ပြောဆိုသွားမယ်လို့ မစ္စတာ မက်ကောနယ်လ် က ပြောပါတယ်။

ဒါ့အပြင် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု ပြန်ရုတ်သိမ်းရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကိုလည်း အထူး အလေးထား ထည့်သွင်း သုံးသပ်သွားမယ်လို့လည်း သူက ပြောသွားပါတယ်။