စစ်အာဏာ မသိမ်းတော့ဘူးလို့ သူရရွှေမန်းပြော

  • 17 ဇန်နဝါရီ 2012
သူရဦးရွှေမန်း ဓာတ်ပုံ မူပိုင် AFP
Image caption ဒီမိုကရေစီကလွဲလို့ တခြားကျင့်သုံးစရာ စနစ် မရှိဘူးလို့ သူရဦးရွှေမန်းပြော

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သူ့အမြင်အတွေ့အကြုံအရ မြန်မာနိုင်ငံမှာ နောက်ထပ် စစ်အာဏာသိမ်းတာ မဖြစ်နိုင် တော့ဘူးလို့ ထုတ်ဖေါ် ပြောကြားလိုက် ပါတယ်။

AFP ပြင်သစ်သတင်းဌာနနဲ့ တနင်္လာနေ့က တွေ့ဆုံမေးမြန်းခန်းမှာ သူရ ဦးရွှေမန်းက အခုလို ပြောကြားခဲ့တာပါ။

ဒီမိုကရေစီစနစ် ပြောင်းလာဖို့ ဘယ်လောက် ကြာမယ် မပြောနိုင်ပေမယ့် အစားထိုး ကျင့်သုံးစရာ တခြားစနစ် မရှိဘူးလို့ ဦးရွှေမန်းက ပြောပါတယ်။

စစ်အာဏာရှင်စနစ်ကို အသက်ပေး ဆန့်ကျင်မယ့် နိုင်ငံရေး လှုပ်ရှားသူတွေ အများအပြား ပြန်လွှတ်ပေးခဲ့တာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ စစ်အာဏာ ထပ်သိမ်းမယ့် အခြေအနေမျိုး မရှိဘူးလို့ ယူဆကြောင်း အကျဉ်းထောင်ကနေ မကြာသေးခင်က ပြန်လွတ်လာတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကလည်း သုံးသပ် ပြောဆိုခဲ့ပြီး သူရ ဦးရွှေမန်းရဲ့ စကားကို ထောက်ခံသွားခဲ့ပါတယ်။

အခြေခံဥပဒေ ရေးဆွဲစဉ်က ကိုယ်ကျိုးစီးပွားနဲ့ လုံခြုံမှုအတွက်ထည့်သွင်းရေးဆွဲခဲ့ပေမယ့် အခြေခံ ဥပဒေကို ပြန်ပြင်နိုင်စွမ်း ရှိတယ်လို့ လည်း သူကယူဆပါတယ်။

ပွင့်လင်းလာတဲ့ မီဒီယာနဲ့ ခေတ်အနေအထားအရ တပ်မတော်ထဲမှာ ခေတ်ဟောင်း၊ စနစ်ဟောင်းကို လိုလားသူ နည်းလာတာမို့ ထပ်အာဏာသိမ်းဖို့ အခြေအနေ နည်းကြောင်း၊ ဒါပေမယ့်လည်း လုံခြုံရေး အကြောင်းပြပီး အကျိုးစီးပွား ရှာမှာမျိုး မဖြစ်ရအောင် ပြည်သူလူထုက ကာကွယ်သွားဖို့ လိုတယ်လို့ ကိုနေမျိုးဇင်က သတိပေး ပြောဆိုခဲ့ပါတယ်။

ဒီမိုကရေစီ ပြောင်းလဲရေးကို လက်မခံနိုင်တဲ့ စစ်တပ်တွင်းက အင်အားစုတချို့ အာဏာ ပြန်သိမ်းတာမျိုး ဖြစ်မလာဖို့ မျှော်လင့်တယ်လို့ မကြာသေးခင်ကပဲ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။