ရွှေညဝါဆရာတော်ကို ၈၈ မျိုးဆက်ကျောင်းသားတွေ ထောက်ခံ

  • 18 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ဆရာတော်ကို ဖိအားပေးတာဟာ အနှုတ် လက္ခဏာ ဆောင်တယ် (မင်းကိုနိုင်)

ကြည့်မြင်တိုင် သာဓု ပရိယတ္တိ စာသင်တိုက် မှာ သီတင်းသုံးနေတဲ့ ရွှေညဝါဆရာတော်ကို ထောက်ခံအားပေးတဲ့ အနေနဲ့ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုဇော်ဇော်မင်း၊ မနီလာသိန်းတို့ သွားရောက် ဖူးမျှော်ပြီး ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

ရွှေညဝါဆရာတော်ကို ဆိုဆုံးမခက်တဲ့ ဒုဗ္ဗစ ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ဖို့၊ သာဓုကျောင်းတိုက် မှာ ဗုဒ္ဓတက္ကသိုလ် ထူထောင်မှုအပါအဝင် ဘာသင်တန်းမှ မလုပ်ဖို့နဲ့ သာဓုကျောင်းတိုက်ကနေ ထွက်ခွာသွားဖို့ ဆိုပြီး၊ နိုင်ငံတော် သံဃာ မဟာနာယက အဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ စာပေးပို့ပြီး ညွှန်ကြား ထားတာ ဖြစ်ပါတယ်။

အဲဒီစာနဲ့ ပတ်သက်ပြီး အယူခံ ဝင်ခဲ့ပေမဲ့ မဟနက ပယ်ချခဲ့ပြီး အခုအခါမှာတော့ အဲဒီညွှန်ကြားချက် တွေ အတိုင်း အကောင်အထည်ဖော်ဖို့ သူ့ကို ပင့်ဖိတ်ထားတာလည်း ဖြစ်ပါတယ်။

ရွှေညဝါ ဆရာတော်ကို ခုလို ဖိအားပေးတာတွေဟာ အနှုတ် လက္ခဏာ ဆောင်တဲ့ လုပ်ရပ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဆိုပါတယ်။

မူလက ရွှေညဝါ ဆရာတော်ကို တရားဟောခွင့် တနှစ် ပိတ်ပင် ထားခဲ့ ပါတယ်။ အဲသလို ပိတ်ပင်ထားတဲ့ အချိန်မှာ ရွှေညဝါ ဆရာတော်က မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ သြဝါဒ စကားပြောကြားခဲ့တဲ့ အတွက် ဆိုဆုံးမရ ခက်ခဲတယ်ဆိုပြီး သာဓု ကျောင်းတိုက်က ထွက်ဖို့ အထိ ဖိအားပေးလာတာ ဖြစ်ပါတယ်။

ကြာသပတေးနေ့ သွားရောက်တွေ့ဆုံရေးအတွက် ခေါ်ယူတဲ့စာဟာ ညွှန်ကြားချက်ကို အကောင် အထည် ဖော်ဖို့ ဆိုပေမဲ့ ကျောင်းတိုက်က တခါတည်း နှင်ထုတ် လိုက်တော့မှာလား ဒါမှမဟုတ် ဆွေးနွေးညှိနှိုင်းမှုတွေ ရှိဦးမလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရ သေးပါ။