ကော့မှူးမြို့နယ်မှာယှဉ်ပြိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် မှတ်ပုံတင်

  • 18 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကော်မရှင်ရုံးက ပြန်ထွက်လာချိန်မှာ ထောက်ခံသူတွေက ကြိုဆို နှုတ်ဆက်ခဲ့ကြ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ် မှာ လွှတ်တော်အမတ် အဖြစ် ဝင်ရောက် အရွေးခံဖို့အတွက် သံလျင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို သွားရောက်ပြီး မှတ်ပုံတင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

သံလျင် ရွေးကောက်ပွဲ ကော်မရှင်ရုံးကနေ ဒေါ်အောင်ဆန်းစုကြည် ပြန်ထွက်လာတဲ့ အချိန်မှာ သူ့ကို ထောက်ခံသူတွေက ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမှာ ဖြစ်ပြီး၊ ဒါဟာ သူ့ရဲ့ ပထမဦးဆုံး အကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှုလည်း ဖြစ်ပါတယ်။

NLD အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ် အမတ်နေရာ ၄၈ နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အခု ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရမှာကို ဘယ်သူကမှ သံသယရှိပုံ မပေါ်ပါဘူး။

ဒါပေမယ့်လည်း ရွေးကောက်ပွဲလွန်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာရ အစိုးရ ဘယ်လို ထိန်းညှိပြီး သွားနိုင်မလဲဆိုတာက ပိုအရေးကြီးတယ်လို့ သုံးသပ်သူတွေက ဆိုပါ တယ်။