မြန်မာကို ပိတ်ဆို့မှု ရုပ်ဖို့ အီးယူ စဉ်းစားနေ

  • 19 ဇန်နဝါရီ 2012
Juppe ဓာတ်ပုံ မူပိုင် BBC World Service
Image caption သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ခဲ့တဲ့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး

မြန်မာ နိုင်ငံက ပြုပြင် ပြောင်းလဲမှု အရိပ် လက္ခဏာတွေကို ဆက်တွန်းအား ပေးတဲ့ အနေနဲ့ ဖေဖော်ဝါရီလောက်မှာကို ဒဏ်ခပ် ပိတ်ဆို့မှု ပြန်ရုပ်ဖို့ စဉ်းစားနေတယ်လို့ အီးယူ ဥရောပ သမဂ္ဂက ပြောပါတယ်။

အီးယူ နိုင်ငံခြားရေး ပေါ်လစီ အကြီးအကဲ ကက်သရင်း အက်ရှတန် ကိုယ်တိုင် မြန်မာ နိုင်ငံကို မကြာခင် သွားလည်နိုင်စရာ ရှိသလို မြန်မာ နိုင်ငံကို အကူ အညီ အထောက်အပံ့တွေ ပြန်ပေးရေး ကိစ္စတွေလည်း စဉ်းစားနေတယ်လို့ သူ့ရဲ့ ပြောခွင့်ရ တာဝန်ခံက ပြောပါတယ်။

အီးယူရဲ့ မြန်မာပေါ် ဒဏ်ခပ် ပိတ်ဆို့မှု ပေါ်လစီကို နှစ်စဉ် ဧပြီလ ရောက်တိုင်း သုံးသပ် နေကြဖြစ်ပေမယ့် ခု ဖေဖော်ဝါရီလ လောက်ကကို စပြီး ကနဦး အဆင့်တွေ စဉ်းစားဖို့ တချို့ ဝန်ကြီးတွေက ဆန္ဒ ရှိနေတယ်လို့ ပြောပါတယ်။

ပြင်သစ်နဲ့ ယူကေ နိုင်ငံတွေကလည်း မြန်မာ နိုင်ငံကို ဒဏ်ခပ် ပိတ်ဆို့မှုကို တဖြည်းဖြည်း ချင်း ပြန် သုံးသပ်သွားဖို့ ဆန္ဒ ရှိနေတယ်လို့ ပြောပါတယ်။

တဘက်မှာ အီးယူ အနေနဲ့ မြန်မာ နိုင်ငံထဲက အခြေအနေတွေကို သတိ ဝီရိယနဲ့ ဆက်ပြီး စောင့်ကြည့် သွားဖို့လည်း ပြင်သစ်နဲ့ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးတွေက သဘော တူခဲ့ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကို ၂၀၁၀ နိုဝင်ဘာက ပြန်လွှတ်ပေးခဲ့ပေမယ့် အီးယူ နိုင်ငံတွေက မြန်မာ နိုင်ငံကို ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေး ဒဏ်ခပ် ပိတ်ဆို့မှုတွေကို အနည်းဆုံး ခု ဧပြီလထိ ဆက်ထားရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အခု အစိုးရက နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ပြန်လွှတ် ပေးပြီး ဖြစ်တဲ့ အတွက် အီးယူရဲ့ ဒဏ်ခပ် ပိတ်ဆို့မှုတွေ ပြန်ရုပ်ဖို့ လမ်းပွင့်သွားစရာ ရှိနေပါတယ်။