ပြည်ပ အတိုက်အခံတွေကို အစိုးရကမ်းလှမ်း

  • 19 ဇန်နဝါရီ 2012

မြန်မာအစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် မီးရထား ပြည်ထောင်စုဝန်ကြီး ဦးအောင်းမင်းက ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကို အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံ စကားပြောဖို့ ကမ်းလှမ်းလိုက်ပါတယ်။

Myanmar Egress အဖွဲ့က ကိုကျော်ရင်လှိုင်ကနေ တဆင့် ထိုင်းနိုင်ငံမှာ ရှိတဲ့ အတိုက်အခံ တွေကို ကြာသပတေးနေ့မှာ အကြောင်းကြားလာတာဖြစ်ပြီး၊ လာမယ့် ဖေဖေါ်ဝါရီလထဲမှာ အစိုးရကိုယ်စားလှယ် တွေဘက်က တွေ့ဆုံဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု FDB အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က အစိုးရအဖွဲ့နဲ့ တွေ့/မတွေ့ဆိုတာ အဖွဲ့အစည်းကို ပြန်တင်ပြပြီး ဆွေးနွေး ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာ ပြုပြင်မှုတွေ ရှိနေပေမယ့်လို့ ပြောင်းလဲမှုတွေအတွက် အခြေခံ လုပ်ဆောင်ချက်တွေ မရှိသေးကြောင်း ဒေါက်တာနိုင်အောင်က ပြောပါတယ်။

Image caption လက်ရှိနိုင်ငံရေး အချိုးအကွေ့ဟာ အတိုက်အခံ တွေ အပေါ် ရိုက်ခတ်မှု အတော်ကြီးမားတယ်

ပြည်တွင်းပြန်ပြီး နိုင်ငံရေးလုပ်နိုင်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွှတ်ဖို့၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ် အခတ် ရပ်စဲဖို့၊ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အပေါ်မှာ အားလုံးက သဘောတူပြီး နိုင်ငံရေး လွတ်လပ်ခွင့်ရှိဖို့ လိုအပ်ကြောင်း သူက ဆက်ပြောပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ဥက္ကဌ ဦးအောင်မိုးဇော်ကလည်း တိုင်းပြည်ထဲ မှာ နိုင်ငံရေးလုပ်ငန်းတွေကို အသေအချာ လုပ်ကိုင်ခွင့်ရမယ်၊ တခြား အင်အားစုတွေနဲ့ တိုင်းပြည် ပြောင်းလဲရေးကို ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံရေးပါတီ အနေနဲ့ ပြည်တွင်းမှာ ရပ်တည်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုသီတင်းပတ် အကုန်လောက်မှာ ပါတီဝင်တွေနဲ့ တွေ့ဆုံပြီး အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဘာတွေဆွေးနွေးမယ်ဆိုတာ ဆုံးဖြတ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

နောက်ပြီး လက်ရှိနိုင်ငံရေး အချိုးအကွေ့ဟာ အတိုက်အခံတွေအပေါ် ရိုက်ခတ်မှု အတော် ကြီးမားကြောင်းကိုလည်း သူက ပြောကြားပါတယ်။