KIO နဲ့ အစိုးရအကြား ရရှိသော သဘောတူညီချက်များ

  • 19 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် KIO
Image caption KIO နယ်မြေအတွင်းမှာလည်း တွေ့ဆုံ ဆွေးနွေးခဲ့ ဖူး ပါတယ်

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အစိုးရ ကိုယ်စားလှယ်တို့အကြား ရွှေလီမြို့ ဆွေးနွေးမှုတွေအပြီး၊ သဘောတူညီမှု တချို့ ရရှိခဲ့ပါတယ်။

အဲဒီ အချက်တွေကတော့ ထာဝရ ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးအရ ဆွေးနွေးမှု များကို ဆက်လက် လုပ်ဆောင်သွားရန်၊ အခုဆွေးနွေးပွဲ နှင့် ပတ်သက်ပြီး မီဒီယာများသို့ သတင်းမှန်များ ထုတ်ပြန် သွားရန်၊ စစ်ရေး အရှိန်များကို ထိန်းသိမ်း သွားရန်အတွက် ယုံကြည်မှု တည်ဆောက် ရေး ရည်ရွယ်ကာ ပြဿနာ ဖြစ်နိုင်သည့် နေရာများ ရှိ နှစ်ဘက် စစ်တပ်များ ကိစ္စ ညှိနှိုင်း ဆောင်ရွက်သွားရန် စတဲ့ အချက်တွေ ပါဝင် ပါတယ်။

ကေအိုင်အေ ထိန်းချုပ်နယ်မြေ တွေ ဖြစ်ကြတဲ့ တပ်မဟာနှစ်၊ တပ်မဟာ သုံး၊ တပ်မဟာ လေးနဲ့ တပ်မဟာ ငါး စတဲ့ နေရာ အနှံ့ မှာ လောလောဆယ် ကေအိုင်အေနဲ့ အစိုးရ စစ်တပ် ကြားမှာ ပြဿနာ ဖြစ်နေ တယ်လို့ ဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့သူ ကေအိုင်အေ တပ်မဟာ လေး တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က ဘီဘီစီကို ပြောပါတယ်။

အရင် ဆွေးနွေးမှု တွေထက် စာရင် အခု တခေါက် ဆွေးနွေးမှုက ပိုမို ပွင့်လင်းတယ် လို့လည်း သူက ပြောပါတယ်။

ကချင် ပြည်နယ် အတွင်းမှာ ထိုးစစ်တွေကို လျှော့ပြီး ခုခံကာကွယ်စစ် ကိုသာ အသုံးပြုဖို့ ပြီးခဲ့တဲ့ လက သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို စာရေးသား အကြောင်းကြားခဲ့ ပေမဲ့ စစ်တပ် ဘက်က ထိုးစစ်တွေ ဆက်လက် ပြုလုပ် နေတာနဲ့ ပတ်သက်လို့ အခု ဆွေးနွေးပွဲမှာ ပြောဆို ခဲ့ကြပေမဲ့ အစိုးရ ကိုယ်စားလှယ်တွေ ဘက်က တိကျတဲ့ ပြောဆိုမှု မရှိခဲ့ဘူးလို့ လည်း ဗိုလ်မှူးကြီး ဇော်ရော်က ပြောပါတယ်။

နိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင် ပုဂ္ဂိုလ် တစ်ယောက်ရဲ့ အမိန့်ကို စစ်တပ် ဘက်က လိုက်နာ ခဲ့ခြင်း မရှိတဲ့ အတွက် သူတို့ အချင်းချင်း ကြားမှာ တစုံတရာ ပြဿနာ ရှိနေလား ဆိုတာ သံသယ ဖြစ်စရာ ရှိနေတယ်လို့ သူက ဆိုပါတယ်။

အခု ဆွေးနွေးပွဲဟာ ဇန်နဝါရီ ၁၉ ရက်မှာ ပြီးဆုံး သွားပြီ ဖြစ်ပြီး နှစ်ဘက် ကိုယ်စားလှယ် အဖွဲ့ နောက်ထပ် ဘယ်တော့ ထပ်တွေ့မယ် ဆိုတဲ့ ရက် သတ်မှတ်ချက် တော့ မရှိ သေးဘူးလို့ ဗိုလ်မှူးကြီး ဇော်ရော်က ပြောပါတယ်။