ရွှေညဝါဆရာတော် သာဓုကျောင်းကထွက်ခွာဖို့ မဟနဆုံးဖြတ်

  • 19 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption သာဓုကျောင်းတိုက်မှ တလအတွင်း ထွက်ပေး မယ်လို့ ဆရာတော် လက်မှတ်ထိုးပေးခဲ့

ရန်ကုန် ကြည့်မြင့်တိုင် သာဓုကျောင်းတိုက် မှာ သီတင်းသုံးတဲ့ ရွှေညဝါဆရာတော် ဦးပညာသီဟ အပေါ် ချမှတ်ထားတဲ့ အမိန့် နဲ့ ပတ်သက်လို့ ကြာသပတေးနေ့မှာ သံဃာ့ မဟာ နာယက အဖွဲ့ ကြားနာ စစ်ဆေးခဲ့ ပြီး၊ တလအတွင်း ကျောင်းတိုက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

တရားဟောခွင့် ပိတ်ပင်ထားတဲ့ကြားက မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးမှာ တရားဟောခဲ့တာကြောင့် နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့ရဲ့ အပြစ်ပေး ခံရသူ ဆရာတော်ကို ဆိုဆုံးမရခက်ခဲသူ ဖြစ်တယ် ဆိုပြီး ကျောင်းတိုက်ကနေ ထွက်ခွါဖို့ ဒီဇင်ဘာ ၁၂ ရက်နေ့က အမိန့် ထုတ်ခဲ့တာပါ။

အဲဒီအမိန့် အပေါ် အယူခံ ဝင်ခဲ့ရာမှာ ပယ်ချခံခဲ့ရ ပြီးတဲ့နောက် ကြာသပတေးနေ့မှာတော့ တိုင်း သံဃာ့မဟာနာယက အဖွဲ့ရဲ့ ကြားနာမှုအရ တလအတွင်း သာဓု ကျောင်းတိုက်ကနေ ထွက်ပေးပါ့မယ် ဆိုတဲ့ ဝန်ခံကတိကို ရွှေညဝါ ဆရာတော် လက်မှတ် ထိုးပေးခဲ့ရပါတယ်။

ဒါ့အပြင် ကျောင်းတိုက်က မထွက်ခွာခင် အချိန်ကာလမှာလည်း သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် ဆိုင်ရာ စည်းကမ်း ဥပဒေတွေနဲ့ အညီ အေးချမ်းစွာ နေထိုင်မယ် ဆိုတာကိုလည်း ဝန်ခံလက်မှတ်ထိုးခဲ့ရ သေးကြောင်း ဆရာတော်က ဘီဘီစီကို မိန့်ပါတယ်။

ကျောင်းတိုက်က ထွက်ခွာတဲ့အခါ ဘယ်မှာ သွားပြီး သီတင်းသုံးရမယ် ဆိုတာလည်း မဆုံးဖြတ် ရသေးဘူးလို့ ဆိုပါတယ်။

အခုလို ကျောင်းတိုက်ကနေ ထွက်ခွာသွားဖို့ ဆုံးဖြတ်လိုက်တာဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် စွန့်လွှတ်အနစ်နာ ခံလိုက်တာ ဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။

အခု မဟနရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကျေနပ်မှု ရှိမရှိဆိုတာ ကိုတော့ ဆရာတော်က သူ့ရင်ထဲမှာပဲ သိမ်းထားပြီး၊ ထုတ်ဖေါ်ပြောဆိုမှာ မဟုတ်ဘူးလို့ မိန့်ကြားသွား ပါတယ်။