အစိုးရနဲ့ ဆွေးနွေးဖို့ ABSDF သဘောတူ

  • 20 ဇန်နဝါရီ 2012
Image caption ABSDF က ငြိမ်းချမ်းရေးကမ်းလှမ်း လာချက်ကို သဘောတူလိုက်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သဘောတူ လိုက်ပါတယ်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးအပြီး နယ်စပ်ဘက်ကိုထွက်လာပြီး၊ စစ်အစိုးရကို လက်နက်စွဲကိုင် တော်လှန်ခဲ့ကြတဲ့ ကျောင်းသား တပ်မတော် ABSDF က အခုတော့ အစိုးရရဲ့ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး အဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းလာချက်ကို အပြုသဘောဆောင်တယ်လို့ ယူဆပြီး အကြောင်းပြန် ကြားလိုက်ပါတယ်။

ABSDF ရဲ့ လက်ရှိ ဒုတိယဥက္ကဌနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကော်မတီရဲ့ ခေါင်းဆောင် ကိုမျိုးဝင်းက ဒီလို လက်ခံလိုက် တာအတွက် နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနဲ့ ဖြေရှင်းနိုင်မှာ ဖြစ်သလို ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနဲ့ အပတ်အခတ် ရပ်ဆဲပြီး နိုင်ငံရေး အကျဉ်းသားအားလုံးကိုလဲ လွတ်ပေးရမယ် လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မတရားပြဌာန်းထားတဲ့ ဉပဒေများကိုလဲ ဖျက်သိမ်းပေးဖို့နဲ့ ပြည်သူများအားလုံး ပါဝင်နိုင်မယ့် စစ်မှန်တဲ့ ဒီမိုကရေစီ စနစ် ဖော်ဆောင်နိုင်ဖို့ကိုလဲ ဆွေးနွေးသွားမှာ ဖြစ်တယ် လို့ ဖြည့်စွက် ပြောသွားခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုတွေနဲ့ ဆက်လက်ဆောင်ရွက် သွားမယ့်လုပ်ငန်းစဉ်တွေကိုလည်း လူထုကို အချိန်နဲ့တပြေးညီ အသိပေးသွားမယ်လို့ ကိုမျိုးဝင်း က ပြောခဲ့ပါတယ်။