လျှပ်စစ် ဓါတ်အား ထုတ်လုပ် ရောင်းချရေး မဲခေါင်အစည်းအဝေး ဆွေးနွေး

  • 20 ဇန်နဝါရီ 2012
Mekhong ဓာတ်ပုံ မူပိုင် Reuters
Image caption ပတ်ဝန်းကျင် ထိခိုက်မှုကို တချို့က စိုးရိမ်

မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံတွေအကြား လျှပ်စစ်စွမ်းအားထုတ်လုပ် ရောင်းချမှု နဲ့မျှဝေသုံးစွဲမှုတွေ ကို လွယ်ကူသွားစေဖို့အတွက် Regional Power Grid လို့ခေါ်တဲ့ ဒေသလုံးဆိုင်ရာ ပင်မ လျှပ်စစ်စွမ်း အား ကွန်ယက်ကြီးတခုတည်ဆောက်ဖို့ ရည်ရွယ်ဆောင်ရွက်နေရာမှာ မူဝါဒချမှတ် သူတွေအနေနဲ့ ဆင်းရဲတဲ့ဒေသခံပြည်သူတွေ အတွက်တကယ်တမ်းအကျိုးရှိအောင် လုပ်ပေးဖို့လိုနေကြောင်း ထိုင်း နိုင်ငံမှာကျင်းပတဲ့နိုင်ငံတကာညီလာခံတရပ်ကနေဝေဖန်ပြောဆိုလိုက်ပါတယ်။

မဲခေါင်မြစ်ဝှမ်းဒေသမှာစွမ်းအင်ဖလှယ်မယ်ဆိုတဲ့ စီမံကိန်းရဲ့ရည်ရွယ်ချက်ကတော့ စွမ်းအင်လိုနေတဲ့ တရုတ်နဲ့ ထိုင်း တို့လိုနိုင်ငံတွေဆီကို ရေအားလျှပ်စစ်အများကြီးထုတ်ဖို့အလားအလာကောင်းတဲ့ မြန်မာ၊ လော နဲ့ကမ္ဘောဒီးယားလိုနိုင်ငံ တွေဆီက စွမ်းအင်တွေထုတ်ပြီး ရောင်းနိုင်အောင် Regional Power Grid လို့ခေါ်တဲ့ကွန်ယက်ကြီးတည်ဆောက်ဖို့ပါ။

ဒါပေမယ့် လောနိုင်ငံကနေထိုင်းဖက်ကို ရေအားလျှပ်စစ်ထုတ်ပြီးရောင်းခဲ့တဲ့အတွေ့အကြုံအရ၊ ဒီလိုစီမံကိန်းကြီးတွေဟာတကယ်တော့ စွမ်းအင်ကဏ္ဍကို လက်ဝါးကြီးအုပ်နိုင်တဲ့ ကုမ္ပဏီ ကြီးတွေအတွက်သာအကျိုးရှိပြီးတကယ်တမ်း ဒေသခံပြည်သူတွေမှာတော့ အကျိုးမရှိဘဲ ဆိုးကျိုးတွေသာကြုံရတတ်ပုံကို ဘန်ကောက်မြို့မှာနှစ်ရက် ကြာကျင်းပတဲ့ နိုင်ငံတကာအစည်းဝေးကနေထောက်ပြခဲ့ပါတယ်။

သူတို့အမြင်အရ၊ စွမ်းအင်စက်ရုံ ကြီးတွေကိုတည်ဆောက်ထုတ်လုပ်သူတွေနဲ့သူတို့ကိုငွေကြေးထောက်ပံ့ဝန်ဆောင်မှုပေးနေသူတွေဟာ သာမန်လူတွေရဲ့အကျိုးစီးပွားကိုအဓိကမထားဘဲ စီမံကိန်းတွေပိုပြီးကြီးကျယ်အောင်မြင်ဖို့အတွက် အနာဂတ် စွမ်းအင်လိုအပ်ချက်ကို အများကြီး ပိုခန့်မှန်းပြီးစီမံကိန်းကြီးတွေပေါ်လာအောင်လုပ်နေ တယ်လို့ဆိုပါတယ်။

ဒီလိုစီမံကိန်းကြီးတွေကို ငွေကြေးနဲ့နည်းပညာထောက်ပံ့မှုတွေပေးနေတဲ့ကမ္ဘာ့ ဘဏ်နဲ့ ADB အာရှဖွံ့ဖြိုးရေးဘဏ်တွေဖက်ကတော့သာမန်လူတွေထိခိုက်မှုနည်းအောင်တတ်နိုင် သမျှ လုပ်နေပါတယ်လို့ဆိုပါတယ်။

ADB ရဲ့စွမ်းအင်ဆိုင်ရာကျွမ်းကျင်သူ Mr Kim Jong-Inn က၊

မြန်မာ၊လာအိုနဲ့ကမ္ဘောဒီးယားလိုနိုင်ငံတွေမှာ ပြည်တွင်းသုံးဖို့ဖြစ်ဖြစ်၊ ပြည်ပကိုရောင်းဖို့ဖြစ်ဖြစ် ရေအားလျှပ်စစ်ထုတ်နိုင်မယ့်အလားအလာအများကြီး ရှိနေပါတယ်။ ရေအားလျှပ်စစ်ထုတ်လုပ်ရာ မှာလူမှုရေးနဲ့သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိစ္စတွေနဲ့လည်းပတ်သက်နေပါတယ်။ဒါတွေကိုထိခိုက်မှုနည်းအောင်အကာအကွယ်ပေးတဲ့စံနစ်တွေလုပ်ထားပါတယ်။ ၁၀၀ ရာနှုန်းတော့ ကာကွယ်ဖို့မဖြစ်နိုင်ပေမယ့် တတ်နိုင်သမျှအကောင်းဆုံးလုပ်နေပါတယ်လို့ ADB က Mr Kim Jong-Inn ကဆိုပါတယ်။

ဒါပေမယ့် ပညာရှင်တွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကတော့ ADB နဲ့ကမ္ဘာ့ဘဏ်လိုနိုင်ငံတကာအဖွဲ့အစည်းကြီးတွေအနေနဲ့ အစိုးရတွေအပေါ်လွှမ်းမိုးမှုတစုံတရာ ရှိတာမို့ မူဝါဒတွေချမှတ်ရာမှာဒီထက်ပိုကောင်းအောင်လုပ်ဆောင်သင့်တယ်လို့ပြောနေပါတယ်။