နောက်ဆုံး ရေးသားချိန် 20 ဇန်နဝါရီလ 2012 - 16:48 GMT

ပိတ်ဆို့မှုတွေ ရုပ်ဖို့ သမ္မတ ဦးသိန်းစိန် ပြော

အနောက်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူတာတွေ ရုပ်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။

U Thein Sein

သမ္မတနဲ့ အမေရိကန် အခြေစိုက် ဝါရှင်တန် ပို့စ် သတင်းစာတို့ မေးမြန်းခန်းမှာ သမ္မတက အဲဒီလိုပြောကြောင်း သတင်းစာမှာ ဖော်ပြ ထားပါတယ်။ သမ္မတဟာ နိုင်ငံခြား သတင်းစာ တစ်စောင်ကို အင်္ဂါနေ့က ပထမဆုံး အကြိမ် သီးသန့် မေးမြန်းခွင့် ပေးခဲ့တာလည်း ဖြစ်ပါတယ်။

အစိုးရသစ်အနေနဲ့ အကျဉ်းသားတွေ လွှတ်ပေးတာ၊ ရွေးကောက်ပွဲက တဆင့် လွှတ်တော် ခေါ်ယူ ကျင်းပ နိုင်တာ၊ ပြီးတော့ ဒေါ်အောင်ဆန်း စုကြည်ကို နိုင်ငံရေး အပြောင်းအလဲမှာ ပါဝင်ခွင့် ပြုတာတွေ လုပ်ပြီးသွားပြီ၊ ဒါတွေဟာ အနောက်နိုင်ငံ တောင်းဆိုချက်တွေလည်း ဖြစ်တယ်၊ ဒါကြောင့် ပိတ်ဆို့ထားတဲ့ နိုင်ငံတွေဘက်က ရုပ်သိမ်းမှုတွေ လုပ်ဖို့ပဲ လိုတော့တယ်လို့ ပြောသွားပါတယ်။

ဒီလိုအပြောင်း အလဲတွေ ဘယ်လိုကြောင့် ခပ်မြန်မြန် လုပ်လာ တာလဲလို့ သတင်းထောက် လယ်လီ ဝေးမောက်က မေးရာမှာ သူ့အနေနဲ့ တိုင်းပြည် အေးချမ်း တည်ငြိမ်ဖို့၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ အဓိကရည်ရွယ်တယ်၊ နောက်ပြီး ပြည်သူတွေ ဘာလိုချင်တယ် ဆိုတာ နားထောင်ပြီး ဆောင်ရွက် တာလို့ သမ္မတက ဖြေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ဖို့ လုပ်နေပြီး သူအရွေးခံ ရရင် သူ့ကို လွှတ်တော်ထဲမှာ ကြိုဆိုကြလိမ့်မယ်၊ တကယ်လို့ လွှတ်တော်ကနေ ဒေါ်အောင်ဆန်း စုကြည်ကို အစိုးရ တာဝန်ပေးဖို့ ဆုံးဖြတ်ရင်လည်း သူ့ဘက်က လက်ခံ ရမှာပါလို့လည်း ပြောသွားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ် အခတ် ရပ်စဲရေး ကိစ္စတွေ မှာတော့ အခု အခါ အဖွဲ့ ၁၁ ဖွဲ့ လုံးနဲ့ ညှိနှိုင်းမှု တွေ ဆက်လုပ်နေပြီး ပထမအဆင့် ယုံကြည်မှု တည်ဆောက်နေတဲ့ အကြောင်း၊ လက်မှတ် ရေးထိုးပြီးရင်တော့ လက်နက်စွန့်ပြီး ဥပဒေဘောင်ထဲ ပြန်ဝင်ဖို့ လိုကြောင်း ပြောပါတယ်။

နောက်ပြီ းမြောက်ကိုရီးယားနဲ့ သံတမန်ရေး အဆက်အသွယ် ရှိပေမယ့် အများ စွပ်စွဲသလို့ စစ်ရေး ပူးပေါင်းမှု ၊ နျူကလီးယား အစီအစဉ်တွေမရှိဘူးလို့ ပြောသွား ပါတယ်။

အခု တိုင်းပြည်ဟာ ဒီမိုကရေစီ လမ်းကြောင်း မှန်ပေါ်မှာ ရှိနေတယ်၊ ဒီမိုကရေစီ လမ်းမှာ နောက်ကြောင်း ပြန်လှည့်ဖို့ အကြောင်း မရှိဘူးလို့ သမ္မတ ဦးသိန်းစိန်က ပြောထားပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို အနောက်နိုင်ငံတွေက ကြိုဆိုကြပေမယ့် သူတို့လိုချင်တဲ့ အခြေအနေ တစ်ခုကိုတော့ မရောက်သေးကြောင်း၊ အခုလာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လွတ်လပ်မျှတဖို့၊ နိုင်ငံရေး လုပ်ပိုင်ခွင့်တွေ တကယ် ရလာပြီဆိုတာ ပြသဖို့နဲ့ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေး ရဖို့တွေ လုပ်ဆောင် ပြသ နိုင်တဲ့အခါမှသာ ပိတ်ဆို့မှုတွေ ရုပ်သွားမယ်လို့ မြင်ကြောင်း မဇ္စျိမ သတင်းဌာနက စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းက သုံးသပ် ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။