၈၈ မျိုးဆက်တွေ ပါတီထောင်ဖို့ မဆုံးဖြတ်

  • 21 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ၈၈မျိုးဆက် ကျောင်းသားတွေရဲ့ အချက် ၉ ချက်ပါ သဘောထားကို ဒီကနေ့ ထုတ်ပြန်ခဲ့

ပြီးခဲ့တဲ့ ရက်ပိုင်းက အကျဉ်းထောင်တွေ ကနေ ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက ရန်ကုန်မြို့ တော်ဝင် စင်တာမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ပြီး သူတို့ရဲ့ အချက် ၉ ချက်ပါ သဘောထား ကြေညာချက်ကို ဒီကနေ့ ထုတ်ပြန် ခဲ့ပါ တယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ရွေးကောက်ပွဲ ဝင်မယ့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်တွေကို ၈၈ မျိုးဆက် ကျောင်းသားတွေအနေနဲ့ ပံ့ပိုးကူညီ ဆောင်ရွက် သွားမယ်လို့ ဖေါ်ပြထားပြီး ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အမျိုးသား အင်အားစု အားလုံး နဲ့ လက်တွဲသွားမယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ပြည်ပရောက် နိုင်ငံရေး အင်အားစုတွေ အားလုံး အမိမြန်မာပြည်ကို ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးအတွက် ပြည်ထောင်စု အစိုးရကနေ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ကိုလည်း ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တွေ အကြား ပါတီ ထောင်သင့်/ မထောင် သင့် ကိစ္စနဲ့ ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးခဲ့ပေမဲ့ လောလောဆယ် မဆုံးဖြတ်ရ သေးကြောင်းနဲ့ နိုင်ငံရေး ပုံသဏ္ဍာန်နဲ့ ဆက်ပြီး ဆောင်ရွက်သွားမယ့် အင်အားစုတွေက ဒီကိစ္စကို ဆုံးဖြတ်ကြမှာ ဖြစ်ကြောင်း အဖွဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုကိုကြီးက ဘီဘီစီ ကို ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသား အင်အားစုထဲမှာ နိုင်ငံရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်ချင်သူတွေ ရှိနေသလို လူထု အခြေပြု အဖွဲ့အစည်းကနေ လူမှုရေး ကိစ္စရပ်တွေကို အသားပေး ဆောင်ရွက်သွားချင်သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

မြစ်ဆုံဆည် ကိစ္စလိုမျိုး ပြည်သူတွေရဲ့ လိုလားချက်တွေကို တိုက်ရိုက် ဆန္ဒ ဖေါ်ထုတ်တဲ့ လှုပ်ရှားမှု အမျိုးမျိုးနဲ့ ခွဲဖြာ လုပ်သွားဖို့ ရှိနေကြောင်း၊ ဒါပေမယ့် ၈၈ မျိုးဆက်ကျောင်းသား တွေ အားလုံးအနေနဲ့တော့ မပြီးဆုံးသေးတဲ့ ခရီးကို တစုတစည်းထဲ လျှောက်လှမ်းသွား ကြမှာ ဖြစ်ကြောင်း ကိုကိုကြီးက ပြောပါတယ်။

အရင်ကထက် စာရင် အခုလို သတင်းစာ ရှင်းလင်းပွဲ လုပ်ခွင့်ရတာကိုက လက်ရှိ မြန်မာ့ နိုင်ငံရေး အခင်းအကျင်းမှာ တိုးတက်မှု တခုလို့ ပြောနိုင်ပြီး ဒီလို ပွင့်လင်းလာတဲ့ အချိန်မှာ နိုင်ငံရေး လုပ်ငန်းဆောင်တာတွေကို အရင်ကထက် ပိုပြီး လုပ်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်တဲ့ ကိုကိုကြီးက ဘီဘီစီကို ပြောပါ တယ်။