လွတ်မြောက်လာတဲ့ သံဃာတော်တွေအတွက် သိမ်ထပ်ပွဲ

  • 21 ဇန်နဝါရီ 2012
Image caption စုစုပေါင်း သံဃာ ၂၅ ပါး သိက္ခာပြန်ထပ်ခဲ့ ကြတာ ဖြစ်ပါတယ်

ဇန်နဝါရီ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား သံဃာတော်တွေကို နိုင်ငံရေး အကျဉ်းသား ကူညီနေသူတွေက ဒဂုံမြို့သစ် အရှေ့ပိုင်း မကွေးပရိယတ္တိစာသင်တိုက်မှာ သိမ်ထပ်မင်္ဂလာ ကျင်းပပေးခဲ့ပါတယ်။

၂၀၀၇ သံဃာလှုပ်ရှားမှုနဲ့ ပတ်သက်လို့ ထောင်ချခံရပြီးတဲ့နောက် အကျဉ်းထောင် အသီးသီးကနေ မကြာခင်က လွတ်မြောက်လာ တဲ့ သံဃာတော် ၂၅ ပါးကို သာသနာ့ တာဝန် ပြန်ထမ်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ မကွေးပရိယတ္တိ စာသင်တိုက် ဆရာတော်က ဦးဆောင်ပြီး တပည့်ဒကာဒကာမတွေက စနေနေ့မနက်မှာ သိမ်ထပ် မင်္ဂလာ ပြုခဲ့တာဖြစ်ပါတယ်။

ခုသိက္ခာထပ်တဲ့ ဆရာတော်တွေကတော့ ၂၀၀၇ စက်တင်ဘာမှာ ချိပ်ပိတ်ခံခဲ့ရတဲ့ မဂ္ဂင် ကျောင်းတိုက်က ဦးဂမ္ဘီရနဲ့ သံဃာတော်တွေ အပါအဝင် ကလေးမြို့ အကျဉ်းထောင်မှာ ထောင်ဒဏ် ၈ နှစ် ချခံခဲ့ရတဲ့ ဓနုဖြူ သာသနာရောင်ခြည်ကျောင်းက ဦးတေဇဝံသ၊ အင်းစိန်ထောင်မှာ ထောင်ဒဏ် ၉ နှစ် ချခံရတဲ့ ချောက်မြို့ အနောက်ငွေတောင် ကျောင်းတိုက်က ဦးဇင်း ဦးရေဝတ စတဲ့ သံဃာ ၂၅ ပါး ဖြစ်တယ်လို့ သိရပါတယ်။

Image caption အရှင် ဂမ္ဘီရလည်း သိက္ခာပြန်ထပ်ခဲ့ပါတယ်

သိမ်ထပ်ပွဲကို မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက ဦးစီးခဲ့တာဖြစ်ပြီး၊ ရွှေညဝါ ဆရာတော် ဦးပညာသီဟ အပါဝင် ပင့်သံဃာ ၁၀ ပါးနဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့အပါအဝင် ဧည့်ပရိတ်သတ် တထောင်ကျော် တက်ရောက်ခဲ့ တယ်လို့ ပွဲကို ဦးဆောင်ကျင်းပသူ တဦးဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသူဟောင်း ဒေါ်နော်အုံးလှက ပြောပါတယ်။

ဦးဇင်း ဦးရေဝတက ခုလို ဒကာ ဒကာမတွေရဲ့ ကြိုဆိုမှုကြောင့် ဝမ်းသာကြည်နူးရကြောင်းနဲ့ သံဃာတွေကို နေရာမှန် ရောက်ဖို့ အခုလို သိမ်ထပ်ပေးတဲ့အတွက် အသိအမှတ်ပြုကြောင်း မိန့်ကြားသွားပါတယ်။

မကွေးပရိယတ္တိကျောင်းတိုက် ဆရာတော် ဦးပါမောက္ခဟာ ပထမအကြိမ် လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ လွတ်လာတဲ့ သံဃာတွေတုန်းကလည်း ခုလို သိမ်ထပ်မင်္ဂလာ ကျင်းပပေးခဲ့ ပါသေးတယ်။

သိမ်ထပ်မင်္ဂလာပွဲကိုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ အနှောင့် အယှက် တစုံတရာ မရှိဘဲ အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။