ရွေးကောက်ပွဲ လွတ်လပ် မျှတရမယ်လို့ McCain ပြော

  • 22 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ McCain တိုက်တွန်း

မြန်မာနိုင်ငံကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ရောက်ရှိလာတဲ့ အမေရိကန် အထက် လွှတ်တော်အမတ် John McCain က မြန်မာ နိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေ ရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လျှော့ချ ဖယ်ရှားပေးရေးမှာ ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့ လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။

မစ္စတာ မက်ကိန်း အပါအဝင် အမေရိကန် အထက်လွှတ်တော်အမတ် လေးဦးဟာ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့နဲ့ မနက်ပိုင်းမှာ တွေ့ဆုံခဲ့ပြီးနောက် နေ့လည်ပိုင်း မှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေအပေါ် အမေရိကန် အစိုးရ အနေနဲ့ ကျေနပ်မှု ရှိကြောင်း၊ ဒါပေမယ့် သမ္မတဦးသိန်းစိန်ရဲ့ ဆောင်ရွက်ချက်တွေကို ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ မက်ကိန်းက ပြောကြား သွားပါတယ်။

မြန်မာနိုင်ငံမှာ သံအမတ်ကြီးအဆင့် ပြန်ထားဖို့ အမေရိကန် အစိုးရက ကြေညာခဲ့ပြီး ဖြစ်သလို နှစ်နိုင်ငံ ဆက်ဆံရေး တဆင့်ပြီး တဆင့် တိုးတက် လာဖို့ တခြား နည်းလမ်းတွေ ကိုလည်း သုံးသပ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေထဲမှာ အမေရိကန် သမ္မတက ရုပ်သိမ်းပေးနိုင်တဲ့ ပိတ်ဆို့မှုတွေ ရှိသလို ကွန်ဂရက် လွှတ်တော်က အတည်ပြုမှ ရုပ်သိမ်းနိုင်တဲ့ ပိတ်ဆို့မှုတွေ ရှိကြောင်း၊ ဒီ ဒဏ်ခတ် ပိတ်ဆို့မှု ပြန်ရုပ်သိမ်းရေး ကိစ္စနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားနဲ့ အနီးကပ် ဆွေးနွေးနေကြောင်း၊ ဒါပေမယ့် အဓိက အရေးပါတဲ့ နောက်ခြေလှမ်းက လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာရေး ဖြစ်ကြောင်း မစ္စတာ မက်ကိန်းက ပြောပါတယ်။

မြန်မာ လွှတ်တော် အမတ်တွေကို အမေရိကန် လွှတ်တော်ကို လာရောက် လေ့လာဖို့ မစ္စတာ မက်ကိန်းက ဖိတ်ကြားခဲ့တယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက နေပြည်တော် မှာ သတင်းထောက်တွေကို ပြောပါတယ်။