မြန်မာနိုင်ငံခြားရေး ဝန်ကြီး အိန္ဒိယရောက်

  • 23 ဇန်နဝါရီ 2012
မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်

အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး SM Krishna ရဲ့ ဖိတ်ခေါ်ချက်နဲ့ မြန်မာ နိုင်ငံခြားရေး၀န်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ အိန္ဒိယနိုင်ငံကို ၅ရက်ကြာ ခရီးရောက်နေပါတယ်။ ဒီကနေ့မှာ ကမ္ဘာ့အံ့ဖွယ်ထဲမှာ တခုအပါအ၀င်ဖြစ်တဲ့ တချ်မဟာကို သွားပြီးလေ့လာနေပါတယ်။

မနက်ဖန် မှာတော့ နယူးဒေလီမြို့မှာ နိုင်ငံခြားရေး၀န်ကြီးတွေ တွေ့ဆုံမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ သမ္မတသိန်းစိန် ချစ်ကြည်ရေးခရီးစဉ်အတွင်း ချုပ်ဆိုခဲ့တဲ့ နှစ်နိုင်ငံ စီးပွားရေး၊ လုံခြုံရေး သဘောတူ စာချုပ်တွေ၊ အဲ့ဒီ သဘောတူညီမှုအရ လုပ်နေတဲ့ လုပ်ငန်းတွေရဲ့ လုပ်ငန်းစဉ်တွေကို သုံးသပ်ဆွေးနွေးမယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးဌာနကပြောပါတယ်။

၂၅ ရက်နေ့မှာတော့ ကမ္ဘာ့ရေးရာဆိုင်ရာ အိန္ဒိယကောင်စီမှာ “ဒီမိုကရေစီ အပြောင်းအလဲ စပ်ကူးမတ်ကူးကာလနဲ့ မြန်မာနိုင်ငံ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အိန္ဒိယက နိုင်ငံရေး လေ့လာနေတဲ့သူတွေ သတင်း ဌာနတွေကို ဟောပြောပို့ချမယ်လို့ ဆိုပါတယ်။

အိန္ဒိယက Indian Express သတင်းစာမှာတော့ ဦးဝဏ္ဏမောင်လွင်ရဲ့ ခရီးစဉ်မှာ မေလ ၁၀ ရက်နေ့ကနေ မေလ ၁၂နေ့မှာအိန္ဒိယ၀န်ကြီးချုပ် မာမိုဟမ်ဆင်းရဲ့ မြန်မာနိုင်ငံက အစိုးရတာ၀န်ရှိသူတွေနဲ့တွေ့ဖို့ မြန်မာပြည်ကိုသွားမယ့်ခရီးစဉ်အတွက် လာပြီးတော့ ကြိုတင်စီစဉ်တာလို့ ရေးထားတာ တွေ့ရပါတယ်။ မြန်မာပြည်မှာ လုပ်ဖို့ကမ်းလှမ်း ထားတဲ့ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာ ဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (BIMSTEC)ရဲ့ ညီလာခံ ကျင်းပရေးအတွက်လည်း မာမိုဟမ်ဆင်းခရီးစဉ်အတွင်း ဆွေးနွေးဖွယ်ရှိပါတယ်။