အီးယူက မြန်မာ သမ္မတနဲ့ အစိုးရ အဖွဲ့ဝင်တွေ ကို ဗီဇာ ပြန်ပေး

  • 23 ဇန်နဝါရီ 2012

အီးယူ ဥရောပ သမဂ္ဂက မြန်မာ အစိုးရ အဖွဲ့ ထိပ်တန်း ခေါင်းဆောင် တွေ အပေါ် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင် ထားမှုကို ပယ်ဖျက် ပေးလိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် s
Image caption မြန်မာ ခေါင်းဆောင် တွေကို အီးယူက ဗီဇာ ကန့် သတ် ချက် လျှော့ပေး

သမ္မတ၊ ဒုတိယ သမ္မတတို့ အပြင် ပါလီမန် အဖွဲ့ဝင်တွေ၊ လွှတ်တော် နှစ်ရပ် က ဥက္ကဌတွေ အပေါ် ပြည်ဝင်ခွင့် ဇီဇာ ပိတ်ပင် ကန့်သတ်ချက် တွေကို ဖယ်ရှား ပေးဖို့ တနင်္လာ နေ့က ဘရပ်ဆဲ မြို့တော်မှာ ပြုလုပ်တဲ့ ဥရောပ သမဂ္ဂ နိုင်ငံ ခြား ရေး ဝန်ကြီး များ အစည်း အဝေးမှာ ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။

တခြား ပိတ်ပင် ခံထားရသူ တွေနဲ့ ပတ်သက် လို့တော့ အပြောင်း အလဲ မရှိ ဆက်လက် ထားရှိမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလ တုန်းက တော့ အီးယူ နိုင်ငံခြားရေး ဝန်ကြီး တွေရဲ့ သုံးသပ် ချက် အရ မြန်မာ အစိုးရ ထဲက အရပ်သား အဖွဲ့ဝင်တွေ အပေါ် ကန့်သတ် ထားချက် တွေကို ဆက်လက် ထားရှိဖို့ ဆုံးဖြတ် ခဲ့ကြ တာ ဖြစ်ပါတယ်။

အခု လျှော့ပေါ့ ပေးမှု ဟာ မြန်မာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှု တွေကို တုံ့ပြန်တဲ့ အနေနဲ့ အီးယူ ဘက်က ဆောင်ရွက်တာ ဖြစ်တယ်လို့ အီးယူ နိုင်ငံခြား မူဝါဒ ရေးရာ အကြီး အကဲ ကက်သရင်း အက်ရှ်တန်ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ ပြောရေး ဆိုခွင့် ရှိသူ မာယာ ကိုစီယန်ချစ် (Maja Kociajancic) က ပြောပါတယ်။

မြန်မာ နိုင်ငံမှာ လတ်တလော ဖြစ်နေတဲ့ ပြောင်းလဲမှုတွေ ဟာ အီးယူနဲ့ မြန်မာကြား ဆက်ဆံရေး တိုးတက်ဖို့ လမ်းစ အဖြစ် နိုင်ငံခြားရေး ဝန်ကြီး တွေက ကြိုဆိုပြီး မြန်မာ အစိုးရဟာ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်းဆီကို ဦးတည် နေပြီလို့ အသိ အမှတ်ပြုတဲ့ အကြောင်း မာယာ ကိုစီယန်ချစ် က ပြော ပါတယ်။

မြန်မာ အပေါ် ပိတ်ပင် တားဆီးမှုတွေ ကို အဆင့်ဆင့် စဉ်းစား ဆောင်ရွက် သွားမယ် လို့လည်း သူက ပြောပါတယ်။

အီးယူက ပြန်လည် သုံးသပ် နေရာမှာ ကုမ္ပဏီ တစ်ခုချင်း အလိုက်၊ လူပုဂ္ဂိုလ် တစ်ဦးချင်း အလိုက် အပေါ် ထားရှိတဲ့ ကန့်သတ်ချက် တွေကို ပြန်လည် သုံးသပ် နေပြီး ဖွံ့ဖြိုး တိုးတက်ရေး အကူ အညီတွေ ပိုမိုပေးနိုင်အောင် လည်း သုံးသပ် နေတယ်လို့ ဆိုပါတယ်။