SSA မြောက်ပိုင်း မကြာမီ ငြိမ်းချမ်းရေးဆွေးနွေးမည်

  • 23 ဇန်နဝါရီ 2012
SSA ရှမ်းပြည်တပ်မတော် ဓာတ်ပုံ မူပိုင် SHAN
Image caption SSA ရှမ်းပြည်တပ်မတော်

ဒီရက်ပိုင်းအတွင်းမှာ လက်နက်ကိုင် တပ်ဖွဲ့ တော်တော် များများက မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်လာ ကြတာ ကိုတွေ့ရပါတယ်။

အဲဒီမှာ ဗိုလ်ချုပ်ပန်ဖ ဦးဆောင်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ ရှမ်းပြည်တပ်မတော် SSA-မြောက်ပိုင်း တပ်ဖွဲ့ကမြန်မာအစိုးရနဲ့ မကြာခင်မှာ တွေ့ဆုံဆွေးနွေးဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။

မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ SSPP/SSA ကနေပြီးတော့ လာမဲ့ ၂၈ ရက်နေ့ တောင်ကြီးမှာ တွေ့ဆုံဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေကို အကြောင်းကြားလိုက်ပါပြီ။ အဲဒီလို သွားရောက်တွေ့ဆုံတဲ့နေရာမှာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့နဲ့ လက်မှတ်ရေးထိုးဖို့ ကော်မတီတစ်ခုနဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့ကော်မတီ၁ ခုဆိုပြီး ကော်မတီ ၂ ခုနဲ့သွားမှာဖြစ်တယ်လို့ SSA ကပြောပါတယ်။

ပြည်နယ်အဆင့် ကော်မတီကိုတော့ SSPP နိုင်ငံခြားရေးဌာနက ဗိုလ်မှူးကြီး ခွန်ဆိုင်က ဦးဆောင်မှာဖြစ်ပြီး ပြည်ထောင်စုအဆင်ကော်မတီကိုတော့ SSPP/SSA ဒုအထွေထွေအတွင်းမှူး ဗိုလ်မှူးကြီး ခေးတိုင်းက ဦးဆောင်သွားမှာဖြစ်ပါတယ်။

ပထမဆုံး အနေနဲ့တော့ ပြည်နယ်အဆင့် အနေနဲ့ပဲသွားရောက်ဆွေးနွေးမယ် ပြည်နယ်အဆင့်မှာ ချက်ချင်းအဆင်ပြေမယ်ဆိုရင်တော့ ပြည်ထောင်စု အဆင့်ချက်ချင်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ SSPP/SSA ပြောရေးဆိုခွင့် ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။

တောင်းဆိုသွားမည့်အချက်တွေကို အသေးစိတ်မပြောပြနိုင်သေးပေးမဲ့ SSA အနေနဲ့ကတော့ အနည်းဆုံးတော့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကိုတော့ လက်မှတ်ထိုးနိုင်လောက်မယ်လို့ မျှော်လင့်ထားတယ်လို့ ဗိုလ်မှူးစိုင်းလှကပြောပါတယ်။