ရှမ်းနီ ပါတီ ထူထောင်

  • 23 ဇန်နဝါရီ 2012
shan ဓာတ်ပုံ မူပိုင် sca uk
Image caption ရှမ်း ယဉ်ကျေးမှု အခမ်းအနား တခု

တိုင်းလိုင် ခေါ် ရှမ်းနီ လူမျိုး နိုင်ငံရေး သမားတွေ က သူတို့ လူမျိုးတွေ အခြား တိုင်းရင်းသား တွေ လို တန်းတူ အခွင့် အရေး ရရှိရေး ကို ရည်ရွယ်ပြီး နိုင်ငံရေး ပါတီ တခု ထူထောင် လိုက် ပါတယ်။

Taileng Nationalities Development Party (TNDP) တိုင်းလိုင် ခေါ် ရှမ်းနီ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ ကို ထူထောင်သူ တွေထဲမှာ တဦး အပါအဝင် ဖြစ်တဲ့ စိုင်းဌေးအောင် က နိုင်ငံကို ပြုပြင် ပြောင်းလဲတဲ့ နေရာမှာ တဖက်တလမ်း က ပါဝင်နိုင်ဖို့ နဲ့ တိုင်းရင်းသား တန်းတူ အခွင့် အရေး ရဖို့ အတွက် ပါတီ တည်ထောင် တာ ဖြစ်ကြောင်း ဘီဘီစီ ကို ပြောပါတယ်။

အခု ရှမ်းနီ ပါတီ ကို ဦးဆောင် တည်ထောင်သူ ၁၈ ဦး ရှိပြီး စိုင်းဌေးအောင် အပါအဝင် တချို့ခေါင်းဆောင် တွေ ဟာ ကျားဖြူ ပါတီ လို့ လူသိများတဲ့ ရှမ်း တိုင်းရင်းသား များ ဒီမိုကရက်တစ် ပါတီ ကို ဝင်ခဲ့ကြတဲ့ သူတွေ ပါ။

နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ဖို့ လုပ်ဆောင်ကြရဦးမှာ ဖြစ်လို့ အခု ကြားဖြတ် ရွေးကောက် ပွဲ ကို ဝင်နိုင်ဖို့ သူတို့ မမျှော်လင့် ထားပေမယ့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ မှာ ဝင်နိုင်လိမ့်မယ် လို့ မျှော်မှန်း ထားကြပါတယ်။

ရှမ်းတိုင်းရင်းသား မျိုးနွယ်စု တခုဖြစ်တဲ့ ရှမ်းနီ လူမျိုး အများစု ဟာ စစ်ကိုင်းတိုင်းအထက် ပိုင်း နဲ့ ကချင်ပြည်နယ် အတွင်း နေထိုင် ကြပါတယ်။