၈၈ မျိုးဆက် ကျောင်းသားများရဲ့ လူထုနိုင်ငံရေး စတင်

  • 24 ဇန်နဝါရီ 2012
Bago
Image caption ပဲခူးက တွေ့ဆုံပွဲ

၈၈ မျိုးဆက် ကျောင်းသား ခေါင်း ဆောင်တွေဟာ လူထု ကိုယ်တိုင် နားလည် ပါဝင်လာတဲ့ ဒီမိုကရေစီ စနစ်တစ်ခု ဆီရောက်အောင် ကြိုးပမ်း လုပ်ဆောင် နေတယ်လို့ ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက ပြောပါတယ်။

အင်္ဂါနေ့မှာ ၈၈ မျိုးဆက် ကျောင်းသား အများစု အပါအဝင် လွတ်မြောက် လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ကြိုဆို ဂုဏ်ပြုတဲ့ ပဲခူးမြို့က အခန်းအနား ကျင်းပအပြီးမှာ ကိုကိုကြီးက ဘီဘီစီကို ပြောတာ ဖြစ်ပါတယ်။

ပဲခူးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေ၊ ကျောင်းသားတွေ အပါအ၀င် ဒေသခံတွေ စုပေါင်းပြီးတော့ လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ကြိုဆိုခဲ့ကြပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ စုပေါင်းပြီး ပထမဆုံးအကြိမ် ရန်ကုန်ပြင်ပမှာ လူထုနဲ့ ဆွေးနွေး ဟောပြောတာလည်း ဖြစ်ပါတယ်။

လူထုပါဝင်တဲ့ နိုင်ငံရေး မဖြစ်ရင် ပြုပြင် ပြောင်းလဲမှု တွေဟာလည်း သိသာ မြင်သာတဲ့ အခြေအနေ မရောက်နိုင်ဘူး၊ ဒါကြောင့် လူထုနဲ့ ထိတွေ့ပြီး ဟောပြော ကြတယ်၊ အာဏာပိုင် တွေဘက်ကလည်း စိုးရိမ် ထိန့်လန့်မှု မဖြစ်သင့်ပဲ ပူးပေါင်း ဆောင်ရွက်သင့်တယ် လို့ ကိုကိုကြီးက ဘီဘီစီကို ပြောပါတယ်။

''လူထုကို နိုင်ငံရေး နိုးကြား လာတဲ့ အခြေအနေ ရောက်အောင်တော့ ကျွန်တော်တို့က ဆက်လုပ်သွားရမှာပါ။ ဒီလိုမှ မဟုတ်ရင် ဒီမိုကရေစီဆိုတာ ၅ နှစ်တကြိမ် မဲပေးပြီးရင် ပြီးပြီ၊ ကိုယ့်တာဝန် ကျေပြီဆိုတဲ့ အသိမျိုးလောက်နဲ့တော့ ဒီမိုကရေစီ နိုင်ငံ ဖော်ဆောင်ဖို့ မဖြစ်နိုင်ပါဘူး'' လို့ ကိုကိုကြီးက ပြောပါတယ်။

လူထုတွေ နေ့စဉ် ကြုံတွေ့ ခံစားနေရတဲ့ ဒုက္ခတွေကို လက်တွေ့ ဖြစ်နေတဲ့နိုင်ငံရေး အဆောက်အအုံထဲမှာ ဖော်ထုတ်နိုင်တယ်ဆိုတာ လူထု နားလည်အောင်၊ ပူးပေါင်း ဆောင်ရွက်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

လူထုရဲ့ ပူပေါင်း ပါဝင်မှုအပေါ် မူတည်ပြီး မြန်မာ နိုင်ငံ အနှံ့ အပြား ဆီကိုလည်း ၈၈ မျိုးဆက် ကျောင်းသားတွေ ခရီးထွက် ဟောပြော နိုင်ဖို့ အစီအစဉ်တွေ ရှိတယ်လို့လည်း ကိုကိုကြီးက ပြောပါတယ်။