ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန်က ဒီမိုကရေစီဆု ချီးမြှင့်

  • 25 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ပါကစ္စတန် သမ္မတကိုယ်တိုင် လာရောက်ပြီး ဆု ချီးမြှင့်ခဲ့

မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ပါကစ္စတန် အစိုးရက Shaheed Benazir Bhutto Award for Democracy ဆု ချီးမြှင့် လိုက်ပါတယ်။

ကာလ ရှည်ကြာ ဒီမိုကရေစီရေး တိုက်ပွဲ ဝင်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိ ပြောင်မြောက်မှု၊ တရားမျှတမှု၊ လူသား ဂုဏ် သိက္ခာကို အလေးထား အသိအမှတ် ပြုမှု စတဲ့ အချက်တွေကြောင့် အခုလို ဂုဏ်ပြု ချီးမြှင့် ရခြင်းဖြစ်တယ် လို့ ဆိုပါတယ်။

ဆုတံဆိပ် ချီးမြှင့်တဲ့ အခမ်းအနား ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး ပါကစ္စတန် သမ္မတ အာဇစ် အလီ ဇာဒါရီ ကိုယ်တိုင် သွားရောက် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန် သမ္မတ ဇာဒါရီက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုစကား ပြောကြားရင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ တိုးတက်လာလိမ့်မယ် လို့ မျှော်လင့်ကြောင်း၊ အခုနှစ်ရာစု ခေါင်းဆောင် ဟာ ဒေါ်အောင်ဆန်း စုကြည် ဖြစ်လာလိမ့်မယ် လို့ သူယူဆတဲ့ အကြောင်း နဲ့ ဒေါ်အောင်ဆန်း စုကြည် ဟာ မျိုးဆက်သစ် တွေ အတွက် အားအင် ဖြစ်စေ ပါလိမ့်မယ် လို့ ပြောသွားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်အရည် အသွေးနဲ့ စိတ်ဓာတ် တွေ ဟာ ပါကစ္စတန် မှာရော နိုင်ငံတကာ ကိုပါ အားတက်စရာ ဖြစ်စေခဲ့တယ် လို့လည်း သူက ပြောပါတယ်။

ဆု လက်ခံယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကလည်း မြန်မာနိုင်ငံ မှာ မိသားစုတွေ နစ်နာ ခံစားနေကြရတာကို အဆုံးသတ်နိုင်အောင် ကြိုးစား ဆောင်ရွက်နေကြောင်းနဲ့ မိသားစု အားလုံး အခွင့်အရေးတွေ ရအောင်၊ ကောင်းမွန်တဲ့ ဂုဏ်သိက္ခာတွေနဲ့ ပြည့်စုံနေအောင် နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်နိုင်တဲ့ အချိန် ကို ရောက်လာမယ် လို့ သူမျှော်လင့် ကြောင်း ပြောသွားပါတယ်။