မြဝတီ ကော့ကရိတ်လမ်း ၂နှစ်အတွင်းအပြီးဖေါက်မည်

  • 26 ဇန်နဝါရီ 2012
ထိုင်းမြန်မာ လမ်းဖေါက်ရေး အစည်းအဝေး
Image caption ထိုင်းမြန်မာ လမ်းဖေါက်ရေး အစည်းအဝေးကို မဲဆောက်မြို့မှာ ကျင်းပခဲ့

၄၅ ကီလိုမီတာ ရှည်လျားတဲ့ မြဝတီ ကော့ကရိတ် မြေပြန့်အဝေးပြေးလမ်းကို ၂၀၁၂နှစ်အစကနေ ၂၀၁၄ ဧပြီလအတွင်း အပြီးဖေါက်ဖို့ နှစ်နိုင်ငံ ကိုယ်စားလှယ်တွေ မဲဆောက်မှာ ညှိနှိုင်းကြပါတယ်။

ဒီလမ်းကို ထိုင်းနိုင်ငံက ဘတ်သန်း ၁၁၄၀ အကုန်အကျခံပြီး ထိုင်းနိုင်ငံလမ်းတွေရဲ့ စံချိန်အတိုင်းဖေါက်သွားမှာဖြစ်ပါတယ်။

အခုလမ်းဟာ မြေပြန့်လမ်းဖြစ်ပြီး လက်ရှိ သုံးနေတဲ့ ဒေါနတောင်ကို ဖြတ်ဖေါက်တဲ့ လမ်းထက် ၂၀ ကီလိုမီတာလောက် လမ်းခရီး ပိုတိုသွားမှာဖြစ်ပါတယ်။

ဒီအဝေးပြေးလမ်းဟာ ထိုင်းမြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် သာမက အာစီယံ နိုင်ငံတွေအတွက်ပါ အကျိုးရှိမယ်လို့ အစည်းအဝေး တက်ရောက်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ပြည်သူ့ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဦးဝင်းတင့်က ဘီဘီစီကိုပြောပါတယ်။

ဒီအစည်းအဝေးမှာ လက်ရှိ ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားဟောင်း ပြုပြင်ရေး အပြင် ထိုင်းမြန်မာ စီးပွားရေးဇုံအတွက် လိုအပ်နေတဲ့ ချစ်ကြည်ရေး တံတားသစ် ဆောက်လုပ်ရေး ကိစ္စပါ ဆွေးနွေးခဲ့ကြပါတယ်။