ချိပ်ပိတ်ခံ ဘုန်းကြီးကျောင်းတွေမှာ သံဃာတွေ ပြန်သီတင်းသုံးခွင့်ရမယ်

Image caption အရှင်ဂမ္ဘီရရဲ့ မဂ္ဂင်ကျောင်းတိုက်လည်း ချိပ်ပိတ်ခံ ထားခဲ့ရတာ ဖြစ်ပါတယ်

ရန်ကုန်တိုင်းဒေသကြီး အစိုးရဝန်ကြီး ဌာနက ချိပ်ပိတ်ထားတဲ့ ဘုန်းကြီးကျောင်း တွေကို မိမိသဘောနဲ့ ပြန်ဖွင့် သီတင်းသုံး နေထိုင်ကြတဲ့ သံဃာတော်တွေဟာ အဲဒီကျောင်းတိုက်တွေမှာ ဆက်လက် သီတင်းသုံး နေထိုင်ခွင့် ရကြတော့မှာ ဖြစ်ပါတယ်။

မကြာသေးခင်ကမှ ပြန်လွတ်လာခဲ့ကြတဲ့ နိုင်ငံရေး အကျဉ်းသား သံဃာတော်တွေက ချိပ်ပိတ် ထားတဲ့ ဘုန်းကြီးကျောင်း တွေကို ပြန်ဖွင့် နေခဲ့ကြလို့ သူတို့ကို အာဏာပိုင် တွေဘက်က တရားစွဲ အရေးယူဖို့ ပြင်ဆင်နေ တယ်လို့ ဆိုပါတယ်။

ဒီအတွက် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ကြားဝင် ဆောင်ရွက် ပေးခဲ့တာကြောင့် အရေးယူ ခံရနိုင်တဲ့ အခြေအနေ ကနေ ကင်းလွတ် သွားကြတာ ဖြစ်တယ်လို့ ရွှေတောင် ကျောင်းတိုက်ဆရာတော် ဦးပဏ္ဏာဝံသက မိန့်ပါတယ်။

သံဃာတော်တွေရဲ့ အရေးကိစ္စကို အာဏာစက်နဲ့ မဖြေရှင်းဘဲ အခုလို ဓမ္မစက်နဲ့ ဖြေရှင်းတာ ဖြစ်တာကြောင့် ကျေနပ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။

တလအတွင်း ကျောင်းတိုက်ကနေ ထွက်ခွာသွားရမယ့် ရွှေညဝါဆရာတော်ကိစ္စနဲ့ တရား ဟောခွင့် ပိတ်ပင်ခံထားရတဲ့ ဒယ်အိုးဆရာတော်တို့ ကိစ္စတွေလည်း မကြာခင် ပြေလည် လာမယ်လို့ သိရကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။

၂၀၀၇ ခုနှစ်သံဃာ့ လှုပ်ရှားမှုမှာပါဝင်ခဲ့လို့ ချိပ်ပိတ်ခံခဲ့ရတဲ့ ဘုန်းကြီးကျောင်းတွေကတော့ မဂ္ဂင်ကျောင်း၊ ရွှေတောင်ကျောင်း၊ သာသနာ့ဗိမာန်ကျောင်း၊ သာသနာ့ဂုဏ်ရည်ကျောင်းနဲ့ သန်လျင်မြို့နယ်ထဲက အောင်ဗောဓိကျောင်းတို့ဖြစ်ကြပါတယ်။