ALP ရခိုင် ပါတီကို အစိုးရက ငြိမ်းချမ်း ရေး ကမ်းလှမ်း

  • 27 ဇန်နဝါရီ 2012
ALP Training
Image caption ALP တပ်မတော်က အမျိုး သမီး တွေကိုလည်း စစ်ရေး လေ့ကျင့်ပေး

အိန္ဒိယ၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ အခြေ စိုက်ကြတဲ့ ရခိုင် လက်နက်ကိုင် အဖွဲ့ တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ အေအယ်လ်ပီကို မြန်မာ အစိုးရက ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တရားဝင် ကမ်းလှမ်း လိုက်တယ်လို့ သိရ ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့က အစိုးရ ဘက်ကနေ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်း လာတာ ဖြစ်တယ်လို့ ပါတီ ပြောခွင့် ရှိသူ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) ဦးခိုင်သုခ က အတည်ပြု ပြော ပါတယ်။

ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီ ဥက္ကဌ ဦးခိုင်ရဲခိုင်ကို လိပ်မူပြီး ရထား ပို့ဆောင်ရေး ဝန်ကြီ ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က စာရေးသား ကမ်းလှမ်း ခဲ့တာလို့ သူက ပြောပါတယ်။

တွေ့ဆုံ ဆွေးနွေးရေး ကမ်းလှမ်းချက်ကို ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ဘက်က ကြိုဆိုကြောင်းနဲ့ မကြာခင်မှာ အစိုးရဘက်ကို အကြောင်း ပြန်မှာ ဖြစ်တယ်လို့ လည်း ဦးခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီဟာ မြန်မာနိုင်ငံ အနောက်ဘက် ဒေသမှာ ဒုတိယ မြောက် ငြိမ်းချမ်းရေး ကမ်းလှမ်း ခံရတဲ့ အဖွဲ့ ဖြစ်ပြီး ပထမ ကမ်းလှမ်း ခံရတာ ကတော့ ချင်းအမျိုးသား တပ်ဦး စီအန်အက်ဖ် ဖြစ်ပါတယ်။

ရခိုင်ပြည် လွှတ်မြောက်ရေး ပါတီနဲ့ သူ့ရဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်ဟာ အိန္ဒိယ၊ ဘင်္ဂလာဒေ့ရှ် နဲ့ မြန်မာ နယ်စပ် တလျှောက် မှာရော ထိုင်းနဲ့ မြန်မာ နယ်စပ်မှာပါ လူပ်ရှား နေတဲ့ ရခိုင် လက်နက်ကိုင် အဖွဲ့ တစ်ခု ဖြစ်ပြီး ရခိုင် အမျိုးသားရေး အတွက် လက်နက်ကိုင် လှုပ်ရှား လာခဲ့တာ နှစ်ပေါင်း ၄၀ နီးပါး ရှိနေပါပြီ။

အထူး သဖြင့် ပလက်ဝ၊ ကျောက်တော် မြို့တို့နဲ့ မနီး မဝေးမှာ လှုပ်ရှား နေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

အဲဒီ အဖွဲ့ကို ၁၉၇၀ ပြည့်လွန် နှစ်တွေ တုန်းက ထိုင်းမြန်မာ နယ်စပ် ကရင် အမျိုးသား အစည်းအရုံး လက်အောက်ခံ နယ်မြေ တစ်ခု ဖြစ်တဲ့ ကော်မူးရာမှာ အဲဒီ အချိန်က ပါတီ ဥက္ကဌ ဦးခိုင်မိုးလင်း တည်ထောင် ခဲ့တာ ဖြစ် ပါတယ်။