အသျှင် ဂမ္ဘီရကို မဟန ဆင့်ခေါ်ထား

  • 27 ဇန်နဝါရီ 2012
monks ဓာတ်ပုံ မူပိုင် AFP
Image caption ဆရာတော် ဦးဂမ္ဘီရဟာ သံဃာ အရေးကို ဦးဆောင်ခဲ့သူ အဖြစ် ထင်ရှား

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ထောင်က ပြန်လွတ် လာတဲ့ သံဃာ့ လှုပ်ရှားမှုမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ ဆရာတော် အသျှင် ဂမ္ဘီရ အပါ အဝင် တခြား ဆရာတော် ဦးဣဿရိယ၊ ဦးပဏ္ဏဝံသ၊ ဦးဝိသုဒ္ဓ၊ ဦးပညာ သီဟတို့ ကို ခွင့်ပြုချက် မရှိဘဲ ကျူးလွန်တဲ့ ပြစ်မှု ကိစ္စ အတွက် ဆိုပြီး ဒီနေ့ နေ့လည်မှာ သံဃာ့ မဟာနာယက အဖွဲ့နဲ့ လာရောက် တွေ့ဆုံဖို့ အကြောင်း ကြားထားပါတယ်။

ခွင့်ပြုချက် မရှိဘဲ ကျူးလွန်တဲ့ ပြစ်မှု ဟာ ဘာပြစ်မှု ဆိုတာကိုတော့ ရှင်းလင်း ဖော်ပြ မထားပါဘူး။

ဆရာတော် ဦးဂမ္ဘီရနဲ့ ဆရာတော် တွေဟာ အရင် စစ်အစိုးရ လက်ထက်တုန်းက ချိတ်ပိတ် ထားခဲ့တဲ့ ၅ ထပ်ကြီး ကျောင်းဝိုင်း အတွင်းက ဘုန်းတော်ကြီး ကျောင်းနဲ့ တညင်က အောင်ဗောဓိ ကျောင်းတွေကို အာဏာပိုင်တွေ ခွင့်ပြုချက် မရဘဲ မကြာခင် ရက်ပိုင်း အတွင်းက ပြန်လည် ဖွင့်လှစ် ပေးလိုက်လို့ ဖြစ်နိုင်တယ် ဆိုတဲ့ မှတ်ချက်ပေး ပြောဆိုမှုတွေ ရှိနေပါတယ်။

မဟနဟာ မကြာသေးခင်ကလည်း ရွှေညဝါ ဆရာတော်၊ ဒယ်အိုး ဆရာတော် အပါအဝင် သံဃာတော် တချို့ကို ဖိအား ပေးမှုတွေ ရှိခဲ့ပါတယ်။