ခိုင်မာတဲ့ အပစ်ရပ်ရေး ကြိုးပမ်း သွားမယ်လို့ KNU ပြော

  • 28 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ပဏာမသဘောတူချက်ထဲမှာ ခိုင်မာတဲ့ သတ်မှတ်ချက်တွေ မထည့်နိုင်ခဲ့ဘူးလို့ KNU ပြော

မြန်မာ အစိုးရနဲ့ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး အဆင့်ရောက်အောင် ဆောင်ရွက် သွားမယ်လို့ KNU ကရင် အမျိုးသား အစည်းအရုံး က KNU ဒုတိယ အကြိမ် အရေးပေါ် ဗဟို ကော်မီတီ အစည်းအဝေး အပြီးမှာ ကြေညာချက် ထုတ်ပြန်လိုက် ပါတယ်။

ပဏာမ အပစ်ရပ်ရေး လက်မှတ် ထိုးခဲ့တုန်းက အလောသုံးဆယ် ဖြစ်သွားတာကြောင့် အပစ် အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ ဆက်ဆွေးနွေး စရာတွေ လိုအပ်နေပြီး ခိုင်မာတဲ့ အပစ်အခတ် ရပ်ရေးဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ KNU ဒုတိယ ဥက္ကဌ စောဒေးဗစ် သာကပေါ် က ဘီဘီစီကို ပြောပါတယ်။

ပဏာမ အပစ်အခတ် ရပ်ရေး ဆွေးနွေးခဲ့တုန်းက ဒေသခံ အရပ်သားတွေအပေါ် လက်နက် ကိုင် တပ်တွေက လူ့အခွင့်အရေး ချိုးဖေါက်တာတွေ၊ လူသတ် ငွေညှစ် မုဒိမ်း ကျင့်တာတွေ မလုပ်နိုင်အောင် တပ်တွေကို ဝေးဝေးမှာ နေရာချထားရေး ဆိုတဲ့ တပ်နေရာ ပြန်ချရေး ကိစ္စ တွေကို မဆွေးနွေးနိုင်ခဲ့တာမို့ ဒီပဏာမ ဆွေးနွေးချက်တွေထဲမှာ ခိုင်မာတဲ့ သတ်မှတ်ချက် တွေ မပါသွားခဲ့ဘူးလို့ ဆိုနိုင်ကြောင်း စောဒေးဗစ် သာကပေါ် က ပြောပါတယ်။

လောလောဆယ်မှာ တိုက်ပွဲတွေ နည်းသွားပေမယ့် မနေ့ကပဲ ညောင်လေးပင် ခရိုင်ဘက်မှာ ရွာတရွာကို စစ်တပ်က လက်နက်ကြီးနဲ့ လှမ်းပစ်တယ်လို့ ကြားရကြောင်းလည်း သူက ပြောပါတယ်။

လာမယ့် ၄၅ ရက်အတွင်း အစိုးရနဲ့ KNU နောက်တကြိမ် ဆွေးနွေးဖို့ ရှိကြောင်း၊ မူအားဖြင့် လက်ခံကြရုံနဲ့ မပြီးပဲ တဘက်နဲ့တဘက် ဘာတွေ လိုချင်သလဲ ဆိုတာ အတိအကျ အသေး စိတ် အပြန်အလှန် ညှိနှိုင်းဖို့ လိုတာကြောင့် လုံးဝ အပစ်အခတ် ရပ်စဲနိုင်ရေးဆိုတာ အနည်းဆုံး လေး၊ငါးလ လောက်တော့ ကြာဦးမယ်လို့ စောဒေးဗစ် သာကပေါ်က ပြောပါတယ်။

တွေ့ဆုံဆွေးနွေးရေး ထိရောက်ပြီး အဆင်ပြေ ခေျာမွေ့စေဖို့အတွက် KNU အနေနဲ့ ပြည်တွင်း ပြည်ပ ကျွမ်းကျင်သူ ပညာရှင်တွေဆီက အကြံဉာဏ်တွေ ရယူသွားမယ်လို့လည်း ပြောပါတယ်။