SSPP နဲ့ အစိုးရအကြား အပစ်ရပ်ရေး သဘောတူ

  • 28 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် SHAN
Image caption ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် နှစ်ခုစလုံး သဘောတူညီမှု ရရှိခဲ့

မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်နယ် တပ်မတော်တပ်ဖွဲ့ (SSPP/SSA) ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့ တောင်ကြီးမြို့မှာ ဇန်နဝါရီလ၂၈ ရက်နေ့ မနက်ပိုင်းက ပထမဆုံး အကြိမ်အဖြစ် တရားဝင် တွေ့ဆုံကြပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ကြ ပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးမှုမှာ မြန်မာအစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ဦးဆောင်ပြီးတော့ ဦးသိန်းဇော်နဲ့ ပြည်ထောင်စုဝန်ကြီးအချို့ အားလုံးပေါင်း အဖွဲ့၀င် ၁၃ ဦးတို့ ပါဝင်ခဲ့ကြပါတယ်။

ရှမ်းပြည်နယ်တိုးတက်ရေးပါတီ/ရှမ်းပြည်နယ် တပ်မတော်တပ်ဖွဲ့ဘက်မှာလဲ SSPP ဒုတိယ အထွေထွေ အတွင်း ရေးမှုးချုပ် ဗိုလ်မှူးကြီးခေးတိုင်းနဲ့ SSA စစ်ဦးစီးချုပ် စဝ်ခေမင် ၊ SSPP နိုင်ငံခြားရေးဌာနက ဗိုလ်မှူးကြီး ခွန်ဆိုင်နဲ့ တခြားအဖွဲ့ဝင် ၁၀ ဦးတို့ ပါဝင်ဆွေးနွေး ခဲ့ကြပါတယ်။

ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် အောက်တိုဘာလက လွတ်ငြိမ်းချမ်းခွင့်နဲ့ လွတ်မြောက်လာတဲ့ SSA နာယက ဗိုလ်ချုပ်ဆေထင်က ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့်ဆိုပြီး အဆင့် ၂ ဆင့်ခွဲပြီး ဆွေးနွေးခဲ့ကြတယ်လို့ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက ဘီဘီစီကိုပြောပါတယ်။

ပြည်နယ်အဆင့် ပဏာမ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ အပစ်ခတ်ရပ်စဲရေး၊ ဆက်သွယ်ရေး ရုံးများ ဖွင့်လှစ်ရေး၊ နှစ်ဘက် ထိန်းချုပ်ရာ နယ်မြေဒေသမှာ လက်နက်ကိုင်ဆောင် သွားလာ မယ်ဆိုရင် ကြိုတင်အကြောင်းကြားပြီး သွားလာရေး အပါအဝင် အချက် ၅ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာတော့ ပဏာမ သဘောတူညီချက်ကို သဘောတူမှုအပါအဝင်၊ ထာဝရငြိမ်းချမ်းရေး ရတဲ့အထိ ဆွေးနွေးမှုများ ပြုလုပ်သွားဖို့ လက်မှတ်ထိုးခဲ့ကြတယ်လို့ SSPP/SSA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းလက ဘီဘီစီကို ပြောပါတယ်။