အထက်ဗမာပြည် ဗကသ ပြန်လည်ဖွဲ့စည်းမယ်

  • 29 ဇန်နဝါရီ 2012
Image caption မန္တလေးတင်မကဘဲ လက်လှမ်းမီရာဒေသ အကုန်လုံး ပါဝင်နိုင်အောင် ဆောင်ရွက်နေ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်) တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီကို ဖေဖော်ဝါရီလ ၁ ရက် ဗုဒ္ဓဟူးနေ့မှာ ဖွဲ့စည်းမယ်လို့ သိရပါတယ်။

အထက်ဗမာပြည် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းရေးအတွက် ခေတ်အဆက်ဆက်က ကျောင်းသား ခေါင်းဆောင်ဟောင်းကြီးတွေ အပါအဝင် လက်ရှိ ကျောင်းတက်နေဆဲ ကျောင်းသားတွေနဲ့ အောက်ဗမာပြည်မှာ ဖွဲ့စည်းတဲ့ ဗကသ ဖြစ်မြောက် ရေး ကော်မတီရဲ့ ခေါင်းဆောင်တွေပါ မန္တလေးမြို့ မစိုးရိမ် တိုက်သစ် ဓမ္မသဟာယ ကျောင်းတိုက်မှာ စုစည်း တွေ့ဆုံ ဆွေးနွေးကြ မယ်လို့ ဆိုပါတယ်။

ကျောင်းသားအရေးအတွက် အခုလို ဗကသ တရားဝင် ပေါ်ထွန်းရေး ဆောင်ရွက်နေတာ ဖြစ်ကြောင်း၊ ပြန်လည်ဖွဲ့စည်းရေး အတွက် ဦးဆောင်စည်းရုံးသူတွေထဲက တယောက်ဖြစ်တဲ့ မနေစုလှိုင်က ပြောပါတယ်။

အခုလို ပြန်လည်ဖွဲ့စည်းတဲ့အခါ မန္တလေးတနေရာတည်းက မကပဲ လက်လှမ်းမီရာ ဒေသ အကုန်လုံး ပါဝင်နိုင်အောင် ဆောင်ရွက်နေကြောင်း သူက ဆက်ပြောပါတယ်။

လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသားတွေအနေနဲ့လည်း အခု ပြန်လည်ဖွဲ့စည်းမယ့်အပေါ် စိတ်ဝင်စားမှုရှိကြောင်းနဲ့ အရင် ၈၈ မျိုးဆက်က ကျောင်းသားတွေပါ ပါဝင်နိုင်အောင်လည်း စုစည်းနေတယ်လို့ ဆိုပါတယ်။