ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်မြို့နယ် ခရီးစဉ်

  • 29 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ဒေါ်အောင်ဆန်း စုကြည်ကို ထားဝယ် မြို့လုံး ကျွတ် သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြ

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ သူ့ရဲ့ ပထမဆုံး မဲဆွယ် စည်းရုံးရေး ခရီးစဉ် အဖြစ် ထားဝယ်မြို့နယ်ဆီ ကိုယ်တိုင် သွားရောက် မဲဆွယ် စည်းရုံးခဲ့ရာမှာ မြို့ခံ လူထုက မြို့လုံးကျွတ် သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။

လာမယ့် ဧပြီလ ၁ရက်နေ့ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ပါဝင် ယှဉ်ပြိုင်မယ့် လစ်လပ် မဲဆန္ဒ နယ်မြေ ၄၈ နယ်မြေထဲမှာ တနင်္သာရီတိုင်း ဒေသကြီးက ထားဝယ်မြို့နယ်လည်း ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမယ်လို့ ဆုံးဖြတ်ခဲ့ပြီး နောက်ပိုင်းမှာ အခုခရီးစဉ်ဟာ သူ့ရဲ့ ပထမဦးဆုံး ရန်ကုန် ပြင်ပ ခရီးစဉ်လည်းဖြစ်ပါတယ်။

သူ့ကို ကြိုဆို နှုတ်ဆက်ခဲ့ကြတဲ့ လူအုပ်ကြီးကို ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ရပိုင်ခွင့်တွေအကြောင်း ပြောသွားခဲ့ပြီး ကိုယ့်ရပိုင်ခွင့်ကို မှန်မှန်ကန်ကန် အသုံးချကြဖို့ တိုက်တွန်းပြောဆိုသွားပါတယ်။

လက်ရှိ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း၊ ဒါမှ ဒီမိုကရေစီ စနစ်ကို ပိုမို ပုံဖေါ်နိုင်မှာ ဖြစ်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နောက်ပြီး မဲဆွယ် စည်းရုံးရာမှာ ကိုယ်မလုပ်နိုင်တာကို ကတိ မပေးဖို့၊ ပြည်သူကို မလှည့်ဖြားဖို့ စတာတွေကိုလည်း သူ့ရဲ့ ခရီးစဉ်မှာ ဟောပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ဟာ မကြာခင် ရက်ပိုင်းအတွင်းမှာ မန္တလေး၊ ပုသိမ် စတဲ့ မြို့တွေမှာလည်း သွားရောက် မဲဆွယ် စည်းရုံးမယ်လို့ သိရပါတယ်။