မြန်မာ့လူ့အခွင့်အရေး အခြေအနေ ကို ကင်တားနား သွားလေ့လာ

  • 31 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပြီးခဲ့တဲ့ သြဂုတ်လက ကင်တားနား မြန်မာ နိုင်ငံကို နောက်ဆုံး သွားခဲ့

နိုင်ငံရေး အခြေအနေတွေ ပြောင်းလဲလာ နေပြီ ဆိုတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ပြောင်းလဲ တိုးတက်လာမှု ရှိမရှိ ကိုယ်တိုင် လေ့လာဖို့အတွက် မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ဟာ မြန်မာနိုင်ငံကို အင်္ဂါနေ့မှာ သွားရောက်မှာပါ။

သူ့ရဲ့ ၆ရက်ကြာ ခရီးစဉ်အတွင်းမှာ မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံက အကျဉ်းထောင် တချို့ကို သွားရောက် ကြည့်ရှုမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို မသွားရောက်ခင်မှာ မစ္စတာ ကင်တားနားဟာ ထိုင်းမြန်မာ နယ်စပ် အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ AAPPဆီကို ဆက်သွယ်ပြီး အချက်အလက်တွေ စုဆောင်းခဲ့တယ်လို့လည်း သိရပါတယ်။

AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က မြန်မာနိုင်ငံမှာ အထင်ကရ နိုင်ငံရေး အကျဉ်းသား အတော်များများ လွတ်လာပေမယ့် မလွတ်သေးသူ နိုင်ငံရေး အကျဉ်းသား တချို့လည်း ရှိနေသေးကြောင်း၊ မလွတ်ပဲ ကျန်ခဲ့သူတွေ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာမှာ ဖြစ်ပြီး ဒါဟာ အတော်ကြီးတဲ့ ညှင်းပန်း နှိပ်စက်မှုမျိုးနဲ့ အလားသဏ္ဍာန် တူကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံကို နိုင်ငံတကာ အကြီးအကဲတွေ၊ အဖွဲ့အစည်းအမျိုးမျိုးက ခေါင်းဆောင်တွေ လာရောက်နေတဲ့ အခုလို အချိန်မျိုးမှာ အကျဉ်းထောင်တွေ အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ အရှိန်လျော့သွားတယ်လို့ ပြောနိုင်ပေမယ့် ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေကတော့ ဆိုးဝါးနေဆဲပဲလို့ ကိုတိတ်နိုင်က ဘီဘီစီကို ပြောပါ တယ်။

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သြဂုတ်လတုန်းက နောက်ဆုံး သွားရောက် ခဲ့ပါတယ်။