မြန်မာ အလုပ်သမားအရေး ပိုတိုက်တွန်းနိုင်

  • 30 ဇန်နဝါရီ 2012
ILO ညွှန်ကြားရေးမှူး Guy Ryder
Image caption ILO ညွှန်ကြားရေးမှူး Guy Ryder

အိုင်အယ်လ်အို အမှုဆောင် ညွှန်ကြားရေးမှူးGuy Ryder ဟာ မြန်မာနိုင်ငံကို ဇန်နဝါရီ ၂၂ ကနေ ၂၈ အထိ တပတ်ကြာ သွားရောက်ခဲ့ပြီး မြန်မာအစိုးရ၊ အတိုက်အခံ နိုင်ငံရေး ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား အလုပ်သမား သမဂ္ဂ လှုပ်ရှားမှု ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး အလုပ်သမား ရေးရာကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့ ဘန်ကောက်မြို့မှာ သတင်းဌာန တချို့က သတင်းထောက်တွေနဲ့ သူ့တပတ်ကြာ မြန်မာခရီးစဉ်နဲ့ပတ်သက်ပြီး အလွတ်သဘောရှင်းလင်းခဲ့ပါတယ်။

ဒါသူ့ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာခရီးစဉ်ဖြစ်သလို မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ရှိနေတာကတော့ ထင်ရှားပါတယ်။ အိုင်အယ်လ်အိုကို အစိုးရအနေနဲ့ ဒီနှစ်မှာ အကြီးအကျယ် ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်လို့သူက ဘီဘီစီနဲ့ သီးသန့် မေးမြန်းရာမှာ ပြောပြပါတယ်။

ဒါ့အပြင် အိုင်အယ်လ်အိုအနေနဲ့ ဥပဒေ ရေးရာ ကိစ္စတွေကို ထူးထူးကဲကဲ အားထုတ်ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း အလုပ်သမား သမဂ္ဂတွေ ထူထောင်လို့ရမယ့် စည်းမျဉ်းစည်းကမ်းတွေ ဝန်ကြီးဌာနအနေနဲ့ သတ်မှတ်ပြဌာန်းနိုင်ဖို့ လုပ်နိုင်ခဲ့ ကြောင်း၊ နောက်တခု က အလုပ်သမားတွေ ဆန္ဒပြတာတို့၊ အလုပ်ခွင်ကနေ ထွက်ခွာသွားတာတို့ အလုပ်ရှင်၊ အလုပ်သမားကြား ညှိနှိုင်းရာမှာ အခြေခံအဖြစ် လိုအပ်မယ့် အလုပ်သမား ပဋိပက္ခဆိုင်ရာ အက်ဥပဒေကိုလည်း မူကြမ်းထွက်ဖို့ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့လို့ လွှတ်တော်မှာ တင်သွင်းနိုင်တဲ့ အဆင့်ရောက်ကြောင်း အဓမ္မအလုပ်စေခိုင်းမှုတွေကို တားဆီးပြီး အလုပ်သမား အခွင့်အရေး အတွက်လည်း ဆောင်ရွက်နိုင်ခဲ့တာတွေကြောင်း ရှင်းပြသွားပါတယ်။

လာမယ့် မတ်လမှာ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမှာ ကျင်းပမယ့် အိုင်အယ်လ်အို အမှုဆောင်အစည်းအဝေးမှာတော့ ဒီတနှစ်အတွင်း မြန်မာအစိုးရ ဘာတွေ ဆောင်ရွက်ခဲ့သလဲတင်ပြပြီး အဲဒီအစည်းအဝေးကနေပဲ အိုင်အယ်လ်အို အနေနဲ့ မြန်မာနိုင်ငံမှာ နောက်တဆင့် ဘာတွေ ထပ်လုပ်ကြမလဲဆိုတဲ့ ဆုံးဖြတ်ချက် ထွက်လာနိုင်တယ်လို့ Guy Ryder ကကြားသွားပါတယ်။