စင်ကာပူက မြန်မာကို နည်းပညာ ကူညီမယ်

  • 30 ဇန်နဝါရီ 2012

စင်ကာပူ နိုင်ငံက မြန်မာနိုင်ငံကို စီးပွားရေးနဲ့ ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ နည်းပညာနဲ့ လေ့ကျင့်ရေး အကူအညီတွေ ပေးဖို့ သဘောတူညီလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ချစ်ကြည်ရေး ခရီး အဖြစ် မြန်မာ သမ္မတ စင်ကာပူကို ရောက်နေ

တနင်္ဂနွေ နေ့က စတင်တဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ တရားဝင် ခရီးစဉ် အတွင်း စင်ကာပူ ဝန်ကြီးချုပ် လီရှန်လုံး နဲ့တွေ့ဆုံ ပြီး နှစ်ဘက် နားလည်မှုစာချွန်လွှာ တစ်ရပ်ကို နှစ်နိုင်ငံကြား လက်မှတ် ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ သဘော တူညီချက်အရ စီးပွားရေး စီမံကိန်းတွေ ရေးဆွဲရေး၊ မြို့ပြ ဖွံ့ဖြိုးမှု ဆောင်ရွက်ရေး၊ ဥပဒေနဲ့ ဘဏ်လုပ်ငန်း ဆိုင်ရာ နည်းပညာတွေ နဲ့ ပတ်သက်ပြီး စင်ကာပူ နိုင်ငံက မြန်မာ ဝန်ထမ်း တွေကို သင်ကြား လေ့ကျင့် ပေးမှာ ဖြစ်တယ်လို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

စင်ကာပူ ရဲ့ စီးပွားရေး လုပ်ငန်းကြီးကို ကိုင်တွယ် အုပ်ချုပ်လာတဲ့ စင်ကာပူ ဗဟိုဘဏ်ရဲ့ လုပ်ဆောင်မှု တွေမှာ မြန်မာ နိုင်ငံ အတွက် လေ့လာ စရာတွေ အများကြီး ရှိတယ်လို့ စီးပွားရေး ပညာရှင် တစ်ယောက် ဖြစ်တဲ့ MDIS တက္ကသိုလ်က ကထိက ဒေါက်တာ စိန်မင်းက ပြောပါတယ်။

မြန်မာ နိုင်ငံဟာ စင်ကာပူ နိုင်ငံလိုပဲ လွတ်လပ်တဲ့ စီးပွားရေး အသိုင်း အဝိုင်း ထဲကိုဝင်ချင်တယ် ဆိုရင် စင်ကာပူက လုပ်ပုံ ကိုင်ပုံတွေကို အတုယူ စရာတွေ ရှိပြီး နိုင်ငံတကာ ဘဏ်တွေကို သူတို့ နိုင်ငံထဲ လာရောက်လုပ်ကိုင်ခွင့် ပေးတဲ့ နေရာမှာ ဘယ်လို ခွင့်ပြုသလဲ၊ ဘယ်လို ကိုင်တွယ် ထိန်းသိမ်း သလဲ၊ ဘာတွေကို ကန့်သတ် ထားသလဲ စတာ တွေကို လေ့လာ သင့်တယ်လို့ သူက ဆိုပါတယ်။

စင်ကာပူ အစိုးရက သူ့နိုင်ငံမှာ ဗဟိုဘဏ်ကို လွတ်လွတ် လပ်လပ် လုပ်ပိုင်ခွင့် ပေးထားသလို မြန်မာ နိုင်ငံမှာလည်း လုပ်သင့်တယ်လို့ သူက အကြံပြု ပါတယ်။

မြန်မာ သမ္မတရဲ့ သုံးရက်ကြာ ခရီးစဉ် အတွင်းမှာ စင်ကာပူ သမ္မတနဲ့လည်း တွေ့ဆုံခဲ့ ပါတယ်။