ကရင်ဒေသ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ KWO ပါဝင်လို

  • 31 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် bbc
Image caption အမျိုးသမီးတွေအတွက် အဓိက လိုအပ်ချက်က လုံခြုံရေး ဖြစ်တယ်လို့ KWO ပြော

ကရင်ဒေသ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ဖြစ်စဉ်တွေမှာ ပါဝင်ခွင့် ပြုဖို့ ကရင် အမျိုးသမီးအဖွဲ့ KWO က တောင်းဆို လိုက်ပါတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပြောဆိုစဉ်မှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့ လိုအပ် ချက်တွေကို အမျိုးသမီးတွေရဲ့ ရှုထောင့်ကနေ တချိန်ထဲ တင်ပြ ပြောဆိုနိုင်အောင် အခုလို တောင်းဆိုရခြင်း ဖြစ်တယ်လို့ KWO ရဲ့ အတွင်းရေးမှူး နန်းဒါအယ်ကလယ်က ဘီဘီစီကို ပြောပါတယ်။

KNUနဲ့ အစိုးရအကြား ပဏာမ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့စဉ်တုန်းက အမျိုးသမီးတွေ ပါဝင်နိုင်ခဲ့ခြင်း မရှိကြောင်း၊ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါတာမို့ နောက်လုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အမျိုးသမီးတွေ ပါဝင် ခွင့်ရလိုတယ်လို့ ပြောပါတယ်။

အမျိုးသမီးတွေအတွက် အဓိက လိုအပ်ချက်က လုံခြုံရေး ဖြစ်တယ်လို့ ဆိုပါတယ်။

KWO ဟာ KNU ကရင် အမျိုးသား အစည်းအရုံးနဲ့ ဆက်စပ် လှုပ်ရှားနေပြီး အမျိုးသမီး အဖွဲ့ဝင် အင်အား လေးသောင်း ကိုးထောင်လောက် ရှိပါတယ်။

အစိုးရနဲ့ ပဏာမ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးခဲ့အပြီး KNU က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာလည်း ပြည်တွင်းပြည်ပရှိ ကရင် ပြည်သူ လူထုတို့၏အကြံပြုချက်များကို ရယူခြင်းနဲ့ တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ၏ ပိုမို ပူးပေါင်း ပါဝင်မှုကို ဆောင်ရွက်သွားမယ်လို့ ဖေါ်ပြထားပါတယ်။