နောက်ဆုံး ရေးသားချိန် 1 ဖေဖေါ်ဝါရီလ 2012 - 00:38 GMT

တမူးမှာ ပေါက်ကွဲမှု ဖြစ်ပြီး ကလေးတစ်ဦးသေ

နယ်စပ် တမူးမြို့ဟာ မဏိပူ ကသည်း သူပုန်တွေ သွားလာ လှုပ်ရှားနေတဲ့ မြို့ဖြစ်

အိန္ဒိယ မြန်မာနယ်စပ် တမူးမြို့မှာ ဇန်နဝါရီလ ၃၁ရက် ညနေက ပေါက်ကွဲမှု တခုဖြစ်ခဲ့ရာမှာ ကလေးငယ်တဦး သေဆုံး ပြီး နောက်ကလေးငယ်တဦး အပြင်းအထန် ဒဏ်ရာရသွားပါတယ်။

စန္ဒကူးမြို့ အမှတ်၂ ရပ်ကွက်နေ ဒေါ်မသက် ရဲ့အိမ်မှာ ဗုံးလို့ ယူဆရတဲ့ အရာတခု ပေါက်ကွဲ ခဲ့ရာမှာ ဒေါ်မသက်ရဲ့သား အသက် ၃နှစ်အရွယ် မောင်ဝင်းကျော် နေရာမှာတင် ပွဲချင်းပြီး သေ ဆုံးသွားခဲ့ပါတယ်။

အသက် ၅နှစ်အရွယ် သမီး မဝင်းဝင်းခိုင်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် တမူးမြို့ ဆေးရုံမှာ အရေးပေါ် ကုသနေရတယ်လို့ သိရပါတယ်။

ဗုံးကွဲတဲ့အိမ်ဘေး ပတ်ဝန်းကျင်မှာ နေထိုင်သူတွေရဲ့ အဆိုအရ မြန်မာ ဘက်ခြမ်းမှာ ခိုလှုံ နေတဲ့ အိန္ဒိယ ခွဲထွက်ရေး မဏိပူ ကသည်းသူပုန်တွေနဲ့ ဆက်စပ်နေသူ တဦး အဲဒီအိမ်ကို လာအပြီး မကြာခင်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာမို့ သူ့ကို နယ်မြေခံရဲတွေက လိုက်လံ ရှာဖွေ နေပြီး အိမ်ရှင်ကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒီပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ မဏိပူ ကသည်းသူပုန်တွေနဲ့ ဆက်စပ်နိုင်တယ်လို့ ဒေသခံ အများစုက ယူဆနေကြတယ်လို့ တမူး ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

တမူးနဲ့ ကလေးမြို့ ပတ်ဝန်းကျင်မှာ အိန္ဒိယ ခွဲထွက်ရေး သူပုန်တွေကို မြန်မာ အာဏာပိုင် တွေက တရားဝင် နီးပါး ခိုလှုံခွင့် ပေးထားတာတကြောင်း၊ လက်နက်ကိုင် သူပုန်တွေ အမြဲတမ်း သွားလာလှုပ်ရှားနေတဲ့ နယ်စပ်မြို့ ဖြစ်တာမို့ သူတို့အချင်းချင်းကြား ပစ်ခတ်မှု၊ ဖေါက်ခွဲမှုတွေ ရံဖန်ရံခါ ဖြစ်တတ်တာကြောင့် တကြောင်း ဒေသခံတွေအနေနဲ့ လုံခြုံရေး အတွက် ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။