မြန်မာ့ နိုင်ငံခြား ကြွေးမြီ ဒေါ်လာ ၁၁ ဘီလျံကျော်

  • 2 ဖေဖော်ဝါရီ 2012
Parliament
Image caption လွှတ်တော်မှာ နိုင်ငံတော် ဘတ်ဂျက် အရေး ဆွေးနွေး နေ

မြန်မာ နိုင်ငံရဲ့ ပြည်ပ ကြွေးမြီ ပမာဏ ဟာ အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ ကျော် ရှိနေတယ် လို့ ဘဏ္ဍာရေး နဲ့ အခွန် ဝန်ကြီး ဦးလှထွန်း က ပြည်ထောင်စု လွှတ်တော် ကို ပြောခဲ့ ပါတယ်။

အဲဒီထဲမှာ ၁၉၈၈ ခုနှစ် မတိုင်ခင်က ချေးငွေ ဒေါ်လာ ၈.၄ ဘီလျံနဲ့ အဲဒီနှစ်နောက်ပိုင်း ချေးငွေ ဒေါ်လာ၂.၆ ဘီလျံကျော် ပါဝင် ပါတယ်။

၁၉၈၈ ခုမတိုင်ခင်တုန်းက မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ် က ချေးငွေ သန်း ၈၀၀ ကျော်၊ အာရှ ဖွံ့ဖြိုးရေး ဘဏ်ဆီက သန်း ၃၅၀ ကျော်ရှိ နေပြီး နိုင်ငံ တခုခြင်း အလိုက် မှာတော့ ဂျပန် နိုင်ငံ က သန်း ၆၄၀၀ နီးပါးနဲ့ အများဆုံး၊ ဂျာမနီက သန်း ၅၈၀ ကျော်နဲ့ ဒုတိယ အများဆုံး မြီရှင် ဖြစ်နေပါတယ်။

အဲဒီနှစ် နောက်ပိုင်းမှာတော့ မြန်မာကို ငွေအများဆုံး ချေးတဲ့ နိုင်ငံက တရုတ်နိုင်ငံ ဖြစ်လာပြီး ပမာဏ အားဖြင့်တော့ ဒေါ်လာသန်း ၂၁၀၀ ကျော်ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ ကြွေးမြီ ပမာဏဟာ တကယ်တော့ နိုင်ငံ တခုအနေနဲ့ သိပ်မများ ဘူးလို့ လသာ မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် ကဆိုပါတယ်။

ဒီအကြွေး တွေနဲ့ ပတ်သက်လို့ "ကျွန်တော်တို့က ဆပ်လိုက်ပြီ ဆိုရင် သူတို့ဘက်က နောက်ထပ် ထုတ်ချေးဖို့ ဆိုတဲ့ အနေအထားကို အော်တို ရောက်သွား တာလည်း ရှိတယ်၊ အဲဒီလို မရောက်တဲ့ အခါကျတော့ ကျွန်တော်တို့ ဘက်က ဒီအကြွေးကို မဆပ်သေး ဘဲနဲ့ ဆက်ပြီးတော့ ထုတ်ချေးဖို့ ဆိုတဲ့ကိစ္စမျိုး ဆွေးနွေး ညှိနှိုင်းမှု လုပ်နေတယ် ဆိုတဲ့ သဘောတော့ ဝန်ကြီးက ပြောသွားတယ်" လို့ ဦးကြည်မြင့်က ပြော ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်က စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦး ကတော့ မြန်မာ နိုင်ငံရဲ့အကြွေး ပမာဏဟာ များတယ်လို့ ဆိုနိုင် ကြောင်း ပြောပါတယ်။

အဲဒီလိုများရတဲ့အကြောင်းက အရင်ကြွေးဟောင်း တွေကို ပြန်မဆပ်တဲ့အတွက် အတိုးနဲ့ ပေါင်းပြီး များလာတဲ့ အပိုင်းတွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

အဲဒီကြွေးမြီတွေကို ပြန်ဆပ်ဖို့ ပြည်သူတွေ အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာ နိုင်တာမို့ အစိုးရနဲ့ လူထု ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေး အဖြေရှာ သင့်တယ်လို့ ဒေါက်တာ ဇော်ဦးက ပြောပါတယ်။

ဘဏ္ဍာရေး နဲ့ အခွန် ဝန်ကြီး က တနိုင်ငံ လုံးရဲ့ ကြွေးမြီ စုစုပေါင်းကို ပြောတာဖြစ်ပြီး တကယ်တန်း ကြွေးပြန်ဆပ် တဲ့အခါ သက်ဆိုင်ရာ ဝန်ကြီး ဌာန အလိုက် ဆောင်ရွက် ကြတာ ဖြစ်တယ်လို့ သင်္ဃန်းကျွန်း မြို့နယ် အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ဆိုပါတယ်။