ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေး ခရီးစဉ် ပျက်သွား

  • 3 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ထားဝယ် ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ကို သောင်းသောင်း ဖျဖျ ကြိုဆိုခဲ့ကြ

ဖေဖေါ်ဝါရီလ ၄ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ စည်းရုံးရေး မန္တလေး ခရီးစဉ် အခုအခါ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

မန္တလေးရောက်ရင် ဗထူးကွင်းမှာ လူထုနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပေမယ့် အာဏာပိုင်တွေက ခွင့်မပြုခဲ့တဲ့အတွက် အခုလို ခရီးစဉ် ပျက်သွားခဲ့ ရတာလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ မန္တလေးကို လိုက်ပါသွားဖို့ စီစဉ်ထားတဲ့ NLD ပါတီရဲ့ မိတ္ထီလာ မဲဆန္ဒနယ်မြေ ကိုယ်စားလှယ်လောင်း ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

တခါ လာမယ့် ၇ရက်နေ့မှာ ပုသိမ်မြို့ကို ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ဆင်းဖို့ စီစဉ်ထားရာမှာလည်း ပုသိမ်မြို့ အာဏာပိုင်တွေက မြို့နေ ကျောင်းသားတွေ အားလုံး အဲဒီနေ့မှာ ကျောင်းမပျက်ကြဖို့ မှာကြားထားတယ်လို့ ကြားရကြောင်း ဦးဝင်းထိန်က ပြောပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ် ပျက်ပြားအောင် အာဏာပိုင်တချို့က တမင် ရည်ရွယ် လုပ်နေတယ်လို့ ယူဆစရာ ဖြစ်လာတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ် ခရီးစဉ် မှာ လူထုက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ ကြပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ပါတီဝင်တွေ စုဆောင်းတာ၊ လာမယ့် ရွေးကောက် ပွဲမှာ မဲပေးတဲ့အခါ ဘယ်လို မဲပေးသင့်တယ် စတာတွေကို ဟောပြောခဲ့တာမို့ အာဏာပိုင်တွေ ဖက်က သဘောမကျ ဖြစ်ခဲ့ပုံရတယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ ၁၉၈၈-၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာ အတူ လိုက်ပါသွား ခဲ့သလို ၁၉၉၅ ခုနှစ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးကိစ္စတွေကို လုပ်ကိုင် ပေးခဲ့ဖူး တာမို့ အာဏာပိုင်တွေရဲ့ တုန့်ပြန်မှုတွေကို ကြုံခဲ့ဖူးတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

အခု မန္တလေး ခရီးစဉ် ပျက်သွားအပြီး နောက်စီစဉ်ထားတဲ့ စည်းရုံးရေး ခရီးစဉ်တွေနဲ့ ပတ်သက်လို့လည်း အခြေအနေကို မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်မယ်လို့ ယူဆရကြောင်း ဦဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။