မြဝတီမြို့ထဲက လူထုတွေရဲ့ အိမ်မြေယာတွေ အသိမ်းခံနေရ

  • 3 ဖေဖော်ဝါရီ 2012
Image caption မြဝတီ မြို့က ဘိုးဘွားပိုင်မြေတွေ အသိမ်းခံ နေရ

ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့မှာ ဒေသ ခံတွေရဲ့ အိမ်မြေ လယ်ယာတွေကို အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေကရော အစိုးရ အာဏာပိုင်တွေ ကပါ သိမ်းယူနေတာ ကြောင့် ဆင်းရဲသား လူထုတွေ ဒုက္ခ ရောက်နေ ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မနှစ်က စပြီး ခရိုင်အုပ်ချုပ်ရေးမှူးက မြေကွက်တွေကို အကွက်ရိုက်သွားခဲ့ပြီး မြဝတီမြို့ တဝက်နီးပါး၊ ရွှေညောင်ဦး၊ မြေနီကုန်း၊ ကားဝင်းဟောင်း အနောက်က ကရင်စုတွေကနေ ဖယ်ပေးရမယ်လို့ ပြောကြောင်း၊ တချို့ဆိုရင် တရား ဆိုင်နေရကြောင်း မြဝတီ မြို့ခံ အမျိုးသမီး တဦးက ပြောပါတယ်။

တရားဆိုင်ဖို့ အတွက် ရှေ့နေငှားရလို့ ငွေကုန်သလို ဖယ်ပေးရအောင်ကလည်း သွားစရာ နေစရာ မြေမရှိဘူးလို့ ဘီဘီစီကို ပြောပြပါတယ်။

တခါ KRF ဟောင်သရော ငြိမ်းချမ်းရေး အဖွဲ့ အလင်းဝင်လာချိန် ၂၀၀၂ ခုနှစ်တုန်းကလည်း မြဝတီမြို့ ကြံခင်းဖက်က မြေတွေကို KRF အဖွဲ့ပိုင်ဆိုပြီး သိမ်းသွားခဲ့တာ ခုချိန်ထိ ပြန်မရသေးဘူးလို့ နှစ်ပေါင်း အတော်ကြာ အစိုးရကို မြေခွန်သွင်းနေတဲ့ ဘိုးဘွားပိုင်မြေ အသိမ်းခံရသူ နောက်မြို့ခံ အမျိုးသမီး တဦးက ဘီဘီစီကို ပြောပြပါတယ်။

သူနဲ့ အတူ တခြား မြေသိမ်းခံထားရတဲ့ သူတွေက သူတို့မြေတွေ ပြန်ရဖို့ သက်ဆိုင်ရာကို နှစ်ပေါင်း အတော်ကြာ လိုက်လံ တိုင်တန်း နေရလို့ အချိန်ကုန် ငွေကုန်ပြီး စီးပွားပါ ပျက်သွားရပေမယ့် ခုချိန်ထိ သူတို့ရဲ့ မြေတွေကို ပြန်မရသေးဘူးလို့ ဆိုပါတယ်။

အရင် အစိုးရ လက်ထက်မှာ မြေယာ အသိမ်းခံရသူတွေရော၊ လက်ရှိ အစိုးရ လက်ထက်မှာ မြေယာ အသိမ်းခံရသူတွေပါ သူတို့မြေတွေ ပြန်ရရေးအတွက် နိုင်ငံတော် သမ္မတ၊ မြန်မာနိုင်ငံက လူ့အခွင့်အရေးအဖွဲ့အပြင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကိုပါ တိုင်ကြားသွားမယ်လို့ သိရပါတယ်။