မဂ္ဂင်ကျောင်း တခါ ထပ် ချိပ်ပိတ် ခံရမယ်

  • 3 ဖေဖော်ဝါရီ 2012
Monks Protesting in Burma in 2007
Image caption ၂၀၀၇ ခုနှစ် သံဃာ့ လှုပ်ရှားမှု အပြီး မဂ္ဂင်ကျောင်း ချိပ်ပိတ် ခံခဲ့ ရပါတယ်

၂၀၀၇ ခုနှစ် က ချိတ်ပိတ် ခံခဲ့ရတဲ့ မဂ္ဂင် ကျောင်းကို ပြီးခဲ့တဲ့ လက ထောင်ကနေ ပြန်လွတ် လာခဲ့ကြတဲ့ သံဃာတော် တွေ က ဒေသခံ အာဏာပိုင် တွေနဲ့ ညှိနှိုင်းပြီး ပြန်ဖွင့်ခဲ့ ပေမဲ့ သာသနာရေး ဦးစီးဌာနရဲ့ အမိန့် အရ စနေနေ့မှာ တခါပြန် ချိတ်ပိတ် ခံရ တော့မှာ ဖြစ်ပါတယ်။

စနေနေ့ နေ့လည် ၁၂ နာရီ မှာ သာသနာရေး ဦးစီး ဌာနက ကျောင်း ကို ပြန် ချိတ်ပိတ် တော့မယ်လို့ ဇန်န်နဝါရီ လ က ပြန် လွတ်မြောက် လာခဲ့ပြီး အခု မဂ္ဂင်ကျောင်မှာ သီတင်းသုံး နေတဲ့ ဆရာတော် ဦးဣန္ဒက က ပြောပါတယ်။

အာဏာပိုင်တွေက ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှု နောက်ပိုင်း မဂ္ဂင်ကျောင်း ပဓာန နာယက ဆရာတော် ဖမ်းဆီး ထောင်ချ ခဲ့တဲ့ အပြင် ကျောင်းတိုက် ကို လည်း ချိပ်ပိတ် ထားခဲ့တာ ဖြစ်ပါတယ်။

ချိပ်ပိတ်ခဲ့စဉ် အချိန်က သံဃာ့ မဟာ နာယက အဖွဲ့ ဆရာတော်တွေ မပါဘဲ အဲဒီ အချိန်က သင်္ဃန်းကျွန်း မြို့နယ် အုပ်ချုပ်ရေးမှူး နဲ့ အဖွဲ့က ချိပ်ပိတ်ခဲ့တာ ဖြစ်တယ်လို့ သိရကြောင်း ဆရာတော် ဦးဣန္ဒက က ပြောပါတယ်။

ဒါကြောင့် ပြန်လွတ် လာတဲ့ အခါ လက်ရှိ မြို့နယ် အုပ်ချုပ်ရေးမှူး အသစ်ထံ ဆရာတော်က စာရေး အကြောင်းကြား တာကို အုပ်ချုပ်ရေးမှူးက လက်ခံ ပြီး လိုအပ်တဲ့ အကူ အညီတွေ ပံ့ပိုး ပေးခဲ့ တာကြောင့် အေးအေး ဆေးဆေး ဖြစ်နေပြီလို့ ဆရာတော်က ယူဆခဲ့ ကြောင်း ပြောပါတယ်။

ဒါပေမဲ့ သံဃာ့ မဟာ နာယက ဆရာတော်ကြီး တွေက သောကြာ နေ့က ဆင့်ခေါ်ပြီး စနေနေ့မှာ ဖယ်ရှား ပေးဖို့ ပြောခဲ့ တယ်လို့ ဆရာတော် ဦးဣန္ဒက က ပြောပါတယ်။

အဲဒီလို ဖယ်ရှားပေးရင် မဂ္ဂင်ကျောင်းမှာ လက်ရှိ နေထိုင် သီတင်းသုံး နေကြတဲ့ သံဃာ ခြောက်ပါးနဲ့ လူ လေးယောက်တို့ နေထိုင်ရေး အခက် အခဲ ရှိနိုင်တာ ကြောင့် သင်္ဃန်းကျွန်း မြို့နယ် သံဃာ့ မဟာ နာယက ဥက္ကဌ ဆရာတော်က သူ့ကျောင်းမှာ ၁၄ ရက်ကြာ နေထိုင်ခွင့် ပေးဖို့ သဘောတူ ခဲ့တယ်လို့လည်း ဆရာတော်က မိန့် ပါတယ်။

၁၄ ရက်ကျော်လို့ မဂ္ဂင် ကျောင်းကို ပြန်လည် ဖွင့်မပေး ရင်တော့ လက်ရှိ ကျောင်းမှာ နေသူတွေ အခက်အခဲ ရှိနိုင်တယ်လို့ ဆရာတော် ဦးဣန္ဒက က ပြောပါတယ်။

မဂ္ဂင် ကျောင်းတိုက်ကို စတင် ချိတ်ပိတ် ခဲ့တာ သာသနာရေး ဦးစီး ဌာန ဖြစ်တာမို့ ပြန်လည် ဖွင့်လှစ် ပေးတဲ့ အခါမှာလည်း သူတို့ ကသာ ပြန်ဖွင့် ပေးတယ် ဆိုတာ ဖြစ်စေ ချင်တဲ့ အတွက် အခုလို စီစဉ်တာလည်း ဖြစ်နိုင်တယ်လို့ ဆရာတော်က မျှော်လင့်ပါတယ်။