ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်ခွင့်ပြုဖို့ တိုက်တွန်း

  • 3 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption မြန်မာအစိုးရဘက်က စောင့်ကြည့်ခွင့် ပေးမယ် လို့ မျှော်လင့်ကြောင်း မစ္စတာပို့စနာပြော

မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက်နေ့ ကျင်းပ မယ့် ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းတွေကို စောင့်ကြည့်ခွင့်ပြုဖို့ အမေရိကန်က မြန်မာ အစိုးရကို တိုက်တွန်း လိုက်ပါတယ်။

မြန်မာအာဏာပိုင်တွေဘက်က စောင့်ကြည့်ခွင့် ပေးလိမ့်မယ်လို့လည်း အမေရိကန်အနေနဲ့ အများကြီး မျှော်လင့်ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမား ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စနာက ပြောပါတယ်။

အခုကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကနေ လက်ရှိလွှတ်တော်ထဲမှာ အာဏာ ချိန်ခွင်ရှာ အပြောင်းအလဲ ဖြစ်လာမှာ မဟုတ်ပေမယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် အရေးကြီးတဲ့ လမ်းခုလတ် ဖြစ်တယ်လို့ မစ္စတာ ပို့စနာက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်က မြန်မာနိုင်ငံဒီမိုကရေစီအရေး အကူအညီ ပေးနေတဲ့ NED အဖွဲ့ရဲ့ ဆွေးနွေးပွဲ တခုမှာ မစ္စတာ ပို့စနာက ပြောကြား လိုက်တာ ဖြစ်ပြီး၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ လျော့ကျစေရေး အတွက် အခု ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့ လိုကြောင်း ကိုလည်း သူကပြောပါတယ်။

ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကနေ လစ်လပ်နေရာ ၄၈ နေရာ စလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။