တိုင်းရင်းသားအရေး နိုင်ငံတကာ ကြားဝင်ဖို့ ဦးခွန်ထွန်းဦးအကြံပြု

  • 4 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ဦးခွန်ထွန်းဦးရဲ့ ထောင်တွင်း အတွေ့အကြုံ တွေကို မစ္စတာ ကင်တားနားကို ပြောပြခဲ့

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀လောက် တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေး ဆောင်ရွက် နေပေမယ့် အကောင်အထည် မဖေါ်နိုင်ပဲ ဖြစ်နေတဲ့အတွက် တတိယ အင်အားစုက ကြားဝင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana နဲ့ တွေ့ဆုံစဉ်မှာ အကြံပြုခဲ့ တယ်လို့ SNLD ရှမ်း တိုင်းရင်းသားများ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဦးခွန်ထွန်းဦးက ဘီဘီစီကို ပြောပါတယ်။

မြန်မာ ကိစ္စမှာ ကုလသမဂ္ဂဖြစ်ဖြစ် အာဆီယံ ဖြစ်ဖြစ် ကြားဝင် ဆောင်ရွက်ပေးနိုင်မှ လမ်းကြောင်း ပွင့်သွားနိုင်မယ်လို့ သူ့အနေနဲ့ ယူဆကြောင်း ပြောပါတယ်။

ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသား အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့ မစ္စတာ ကင်တားနား ရန်ကုန်မြို့မှာ သောကြာနေ့က တွေ့ဆုံပြီး တိုင်းရင်းသား အရေးနဲ့ ပတ်သက်လို့ ဆွေးနွေးစဉ်မှာ အခုလို ပြောခဲ့တာပါ။

အကျဉ်းထောင်တွင်းက မကြာသေးခင်က ပြန်လွတ်လာခဲ့သူ ဦးခွန်ထွန်းဦးက သူရဲ့ ထောင်တွင်း အတွေ့အကြုံတွေကို မစ္စတာ ကင်တားနားကို အရှိအတိုင်း ပြောပြခဲ့ တယ်လို့ ဆိုပါတယ်။

မစ္စတာ ကင်တားနားအနေနဲ့ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား နယ်မြေမှာ ဖြစ်နေတဲ့ ကိစ္စတွေကို အသေးစိတ် သိလိုပုံရတယ်လို့ ပြောပါတယ်။

၂၀၀၈ အခြေခံ ဥပဒေကို မပြင်ရင် တိုင်းရင်းသားတွေနဲ့ ပြည်ထောင်စု အစိုးရ အကြား ပြဿနာတွေ ဆက်ရှိနေမှာ ဖြစ်တယ်လို့ ဦးခွန်ထွန်းဦးက ဆိုပါတယ်။

အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်းနဲ့ အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ တာမျိုးမလုပ်ပဲ ရက်ပေါင်း ၆၀ ဒါမှမဟုတ် ရက်ပေါင်း ၉၀ အပစ် ရပ်စဲရေး ကာလ သတ်မှတ်ပြီးမှ အားလုံးနဲ့ တပြေးညီ ဆွေးနွေးပြီး ပင်လုံကဲ့သို့ ညီလာခံတခု ခေါ်ယူသင့်ကြောင်းကိုလည်း မစ္စတာ ကင်တားနားကို အကြံပြုခဲ့တယ်လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။

မစ္စတာ ကင်တားနား ဟာ စနေနေ့မှာ မော်လမြိုင်ထောင်ကို သွားရောက် ကြည့်ရှုခဲ့ပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့လည်း သိရပါတယ်။