မစ္စတာကင်တားနား မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာ

  • 5 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ စိုးရိမ်နေရဆဲ ဖြစ်တယ်လို့ ပြောကြားသွားခဲ့

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေးကိုယ်စားလှယ် မစ္စတာကင်းတားနား ဟာ သူ့ရဲ့ ၆ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် အပြီး တနင်္ဂနွေနေ့မှာ ပြန်လည် ထွက်ခွာ သွားပြီဖြစ်ပါတယ်။

သူမထွက်ခွာခင် ရန်ကုန်လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ မစ္စတာကင်တားနား က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ စိုးရိမ်နေရဆဲဖြစ်တယ်လို့ ပြောကြားသွား ပါတယ်။

မစ္စတာ ကင်တားနားဟာ သူ ပြန်ထွက်ခွာမယ့် တနင်္ဂနွေနေ့ နေ့လည်ပိုင်းကလည်း ကရင် ပြည်နယ် ဘားအံမြို့ကို ရောက်ရှိခဲ့ပြီး ကရင်ပြည်နယ် ဝန်ကြီးအဖွဲ့နဲ့ လွှတ်တော် အမတ်တွေကို ပြည်နယ် လွှတ်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

အခုလို တွေ့ဆုံရာမှာ ကရင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ပြောကြားသွားခဲ့ပြီး၊ တိုင်းရင်းသားတွေရဲ့ အပစ်အခတ် ရပ်စဲရေးကိစ္စကိုလည်း ထည့်သွင်း ပြောကြားသွားခဲ့တယ်လို့ ပြည်နယ် လျှပ်စစ်နဲ့ စက်မှုဝန်ကြီးဖြစ်တဲ့ ဦးစောကြည်လင်းက ပြောပါတယ်။ ကရင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံအပြီးမှာတော့ မစ္စတာ ကင်တားနားဟာ ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့တွေကိုလည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ဘာတွေ ဆွေးနွေးခဲ့ကြသလဲ ဆိုတာ မသိရပေမယ့် တက်ရောက်သူ များပြားတယ်လို့ သိရပါတယ်။ အလားတူ စနေနေ့ကလည်း မွန်ပြည်နယ် မော်လမြိုင်မြို့ကို ရောက်ရှိခဲ့ပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးနဲ့ ပြည်နယ် လွှတ်တော် အမတ်များကို တွေ့ဆုံခဲ့သလို မော်လမြိုင်ထောင် ကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။

ပြည်နယ်ရှိ တိုင်းရင်းသားကိုယ်စားလှယ်တွေကို တွေ့ဆုံခဲ့သလို တနင်္ဂနွေနေ့ မနက်ပိုင်းမှာ လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။