ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတရေး ကင်တားနားပြော

  • 5 ဖေဖော်ဝါရီ 2012
Quintana ဓာတ်ပုံ မူပိုင် AP
Image caption မစ္စတာ ကင်တားနား က ရန်ကုန် လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့

မြန်မာ နိုင်ငံ လူ့အခွင့် အရေး ဆိုင်ရာ ကုလ သမဂ္ဂ ရဲ့ အထူး ကိုယ်စားလှယ် က မြန်မာ အစိုးရ မှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲ လိုမှု တွေ ဘယ်လောက် ရှိနေ သလဲ ဆိုတာ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ မှာ မြင်ကြ ရမယ်လို့ ဆိုပါတယ်။

သောမတ်စ် အိုဟေး ကင်တားနားက ပြီးခဲ့တဲ့ နှစ် ဩဂုတ်လ သူရောက်ခဲ့ စဉ်က စပြီး မြန်မာ အစိုးရ ဖော်ဆောင် နေတဲ့ ပြုပြင် ပြောင်းလဲမှု တွေကို ကြိုဆိုတဲ့ အကြောင်းနဲ့ အရေးကြီးတဲ့ စိန်ခေါ်မှုတွေလည်း ကျန်နေသေး ကြောင်း ပြောပါတယ်။

မြန်မာ အစိုးရ က နိုင်ငံရေး အကျဉ်းသား တွေကို အစုလိုက် အပြုံလိုက် ပြန်လွှတ် ပေးခဲ့တာ၊ အလုပ် သမား အဖွဲ့ အစည်း ဆိုင်ရာ ဥပဒေနဲ့ စုဝေး ဆန္ဒပြ ခွင့်ဆိုင်ရာ ဥပဒေလို၊ ဥပဒေပိုင်း ဆိုင်ရာ ပြုပြင် ပြောင်းလဲ မှုတွေ ဆောင်ရွက်တာ၊ အမျိုးသား လူ့ အခွင့် အရေး ကော်မရှင် ဖွဲ့စည်း တာတွေ အပါ အဝင် အစိုးရရဲ့ ဆောင်ရွက် ချက် တွေကို သူက ချီးကျူး ခဲ့ပါတယ်။

ဒါပေမယ့် တဖက် မှာလည်း လူ့ အခွင့် အရေး နဲ့ ပတ်သက်လို့ စိုးရိမ် စရာ အခြေ အနေတွေ ဆက်ပြီး ရှိနေ တာကို ထောက်ပြ ခဲ့ပါတယ်။

အဓိက အားဖြင့် ထောင်ထဲမှာ ဆက်ပြီး ကျန်နေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံ နေရသူ အားလုံးကို ပြန်လွှတ်ဖို့၊ တရား စီရင် ရေး စံနစ်ကို လွတ်လပ် အောင် ဆောင်ရွက် ဖို့၊ တိုင်းရင်းသား တွေနဲ့ အမျိုးသား ရင်ကြား စေ့ရေး အတွက် စံနစ် တကျ ခွဲခြား ဆက်ဆံ မှုတွေကို ရပ်ဆိုင်းပြီး ဖွံ့ဖြိုး တိုးတက်ရေး ကိုဆောင်ရွက် ပေးဖို့နဲ့ လာမယ့် ဧပြီလ ၁ ရက်နေ့ မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ ကို လွတ်လပ်ပြီး တရား မျှတ အောင် ကျင်းပ ပေးဖို့ စတဲ့ အချက်တွေ ပါဝင် ပါတယ်။

ဒါ့အပြင် ရှေ့ကို တိုးတက် တဲ့ ပြုပြင် ပြောင်းလဲရေး တွေ လုပ်ယုံနဲ့ မပြီးဘဲ အတိတ် ကာလက ဖြစ်ပျက် ခဲ့တာ တွေကိုလည်း ဖုံးဖိ မထားဘဲ အမှန် အတိုင်း ဖော်ထုတ် ပေးဖို့ လိုကြောင်း သူက အလေး အနက် ပြောခဲ့ ပါတယ်။

အဲဒီလို ဖော်ထုတ်ဖို့ အတွက် မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်က ဆောင်ရွက် ပေးနိုင် မလား ဆိုတာကို သူလေ့လာ ကြည့်တဲ့ အခါမှာ၊ ကော်မရှင်ဟာ သီးခြား လွတ်လပ်မှု မရှိတာကို တွေ့ခဲ့ ရကြောင်း သူက ဆိုပါတယ်။

အခု အစိုးရ သစ် လက်ထက်မှာ ပြဌာန်း လိုက်တဲ့ သင်းပင်း ဖွဲ့စည်းမှု ဆိုင်ရာ ဥပဒေနဲ့ စုဝေး လှုပ်ရှားခွင့် ဆိုင်ရာ ဥပဒေ တွေ မှာလည်း အကန့် အသတ် တွေ ရှိနေပြီး အရင် ကတည်းက နိုင်ငံရေး အကျဉ်းသား တွေကို ဖမ်းဆီး ရာမှာ အသုံးပြု နေတဲ့ နိုင်ငံတော် လုံခြုံရေး ဆိုင်ရာ ဥပဒေနဲ့ အီလက် ထရောနစ် ဥပဒေ တွေကိုလည်း ပြန်လည် သုံးသပ် ပြင်ဆင် သင့်ကြောင်း ပြောထား ပါတယ်။

မစ္စတာ ကင်တားနား ကသူ့ရဲ့ တွေ့ရှိချက် တွေကို မတ်လ အတွင်း လူ့အခွင့် အရေး ကောင်စီမှာ တင်ပြဖို့ ရှိပြီး၊ အောက်တိုဘာ လကျရင် ကုလ သမဂ္ဂ အထွေထွေ ညီလာခံ ကိုလည်း အစီရင် ခံစာ တင်သွင်းဖို့ ရှိကြောင်း ပြောပါတယ်။

သူဟာ မြန်မာ နိုင်ငံကို ရောက်ရှိ စဉ် အတွင်း အစိုးရ ဝန်ကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ် တွေကို တွေ့ဆုံ ခဲ့သလို၊ ဒေါ်အောင်ဆန်း စုကြည်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေနဲ့ နိုင်ငံရေး ပါတီတွေ၊ NGO အရပ်ဖက် အဖွဲ့အစည်း တွေ ကိုလည်း တွေ့ဆုံ ခဲ့ပါတယ်။

ဒါ့အပြင် အင်းစိန်နဲ့ ဖားအံ အကျဉ်းထောင် တွေကိုလည်း သွားရောက် လေ့လာ ခဲ့ပါတယ်။